ဧရာဝတီတိုင်းမ်
(မတူပီ)၊ ဒီဇင်ဘာ ၁၇ ရက်

ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၊ တပ်မဟာ (၁) မှ ရဲဘော် လေး ဦးနှင့် ဒေသခံပြည်သူ နှစ် ဦးတို့သည် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၂ ရက်နေ့က အရက်တုသောက်သုံးမိ၍ ရဲဘော် သုံးဦး ၊ ဒေသခံတစ်ဦး စုစုပေါင်း လေးဦး သေဆုံးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် တပ်မဟာ (၁) ရဲဘော်တစ်ဦး နှင့် ဒေသခံပြည်သူတစ်ဦးတို့ အရေးပေါ် ဆေးကုသမှု ခံယူနေပြီး အခြေအနေစိုးရိမ်နေရကြောင်းဒေသခံများထံက သိရသည်။

“ရဲဘော်တစ်ဦးက ယူလာတဲ့ အရက်ကို ဝိုင်းသောက်ကြတာ။ အရက်သောက်ပြီးမကြာဘူး ရဲဘော် နှစ် ဦးကတော့ ချက်ချင်းဆုံးသွားတယ်။ ကျန် လေး ယောက်ကတော့ ဆေးရုံအထိ ရောက်သေးတယ်။ ဆေးရုံရောက်ပြီးတော့ ရဲဘော်တစ်ဦးနဲ့ ပြည်သူ တစ်ဦးထပ်ဆုံးသွားတယ်။ အခုတန်ကူးရွာ ဥက္ကဋ္ဌနဲ့ ရဲဘော်တစ်ဦးကတော့ အရေးပေါ်ဆေးကုသနေတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ် ကို ပြောသည်။

မတူပီမြို့နယ်တွင်အရက်သေစာများ ရောင်းဝယ်ဖောက်ကားခြင်း၊ သယ်ယူခြင်းများကို ချင်းကာကွယ် ရေးတပ်ဖွဲ့အသီးသီးက တားမြစ်ပိတ်ပင်ထားသော်လည်း တချို့စီးပွားရေးသမားများက တရားမဝင် ရောင်းဝယ်သယ်ယူခြင်းများရှိကြောင်းသိရသည်။

အရက်မှားယွင်းသောက်သုံးမိခြင်းကြောင့် သေဆုံးသွားသော ရဲဘော်များနှင့် ပတ်သက်၍ CDF-မတူပီ၊ တပ်မဟာ (၁) ကို ဧရာ ဝတီတိုင်းမ်က ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပေ။

ဓာတ်ပုံ-CDF-မတူပီ၊ တပ်မဟာ ၁

#CDFမတူပီ #တပ်မဟာ၁ #ရဲဘော်များ #ဒေသခံများ #အရက်တုသောက် #၄ဦးသေဆုံး #နှစ်ဦးဆေးကုသ #Ayeyarwaddy_Times