ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၇ရက်

တောင်ကုတ်မြို့နယ်ရှိ စစ်ကောင်စီ၏ အမှတ်(၅)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၅) ကို အာရက္ခ တပ်တော် (AA) ကဝင်ရောက်သိမ်းပိုက်ချိန်တွင် စကခ ၅ ကွပ်ကဲရေးမှူးနှင့် ဗျူဟာမှူးတို့ ထွက်ပြေး သွားကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၄ရက်နေ့က တောင်ကုတ်မြို့ရှိ အမှတ် ၅စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်ကို AAက ဝင်ရောက်သိမ်းပိုက်စဉ်တွင် စကခ ၅မှူး ဗိုလ်မှူးချုပ် ကောင်းမြတ်၊ ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်ထက် နှင့် အင်အား ၈၀ခန့်ပါအဖွဲ့သည် ထွက်ပြေးသွားကြကြောင်း သိရသည်။

စကခမှူးနှင့် အဖွဲ့ထွက်ပြေးစဉ်တွင် AAက လိုက်လံပစ်ခတ်မှု မပြုလုပ်နိုင်ရန် ရဲအချုပ်နှင့် ထောင်တွင်းမှ နေရာရွှေ့ပြောင်းထားသည့် နိုင်ငံရေးအကျဉ်းသားများကို လူသားဒိုင်းကာအဖြစ်ပြုလုပ်ကာ ထွက်ပြေး သွားကြကြောင်း သိရသည်။

“အချုပ်သားတွေကို စကခ ၅ထဲရွှေ့ပြီး လူသားဒိုင်းကာ လုပ်ထားတာ။ သူတို့ပြေးတော့ ဒိုင်းကာလုပ်ပြီး ခေါ်ထုတ်သွားတယ်။ တိုက်ပွဲပြင်းထန်နေတုန်းက ထွက်ပြေးတဲ့ အချုပ်သားတွေကိုလည်း စစ်တပ်က ပစ်သတ်ပစ်တယ်” ဟု တောင်ကုတ်ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

“စကခမှူးနဲ့ ဗျူဟာမှူးကတော့ ပြေးတာပဲ။ ဂဏန်းကိုက်သေမလား မိုင်၂၀ကျော်ပြီး ပင်လယ်ထဲ ကျပြီ လားမသိပါ။ အဆက်အသွယ်ပြတ်တောက်သွားပြီ” ဟု စစ်ကောင်စီထောက်ခံအားပေးသည့် ချန်နယ် များတွင် ပြောဆိုထားသည်။

အဆိုပါထွက်ပြေးသည့် အဖွဲ့ကို AA က လိုက်လံရှင်းလင်းရာတွင် ရခိုင်ရိုးမအနီး ကျောက်တံခါးရွာတွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီဘက်မှ စခန်းစွန့်ခွာထွက်ပြေးသည့် နခခ ၅မှ စကခ ၁၅မှူးဗိုလ်မှူးချုပ်သူရိန်ထွန်းကို AA က အရှင်ဖမ်းမိပြီး နပခ မှ ထွက်ပြေးသည့် ယာယီတိုင်းမှူး ဗိုလ်မှူးချုပ်ကျော်ကျော်သန်းကို အသေဖမ်းဆီး ရမိထားကြောင်း သိရသည်။

လက်ရှိတွင် တောင်ကုတ်မြို့နယ်တစ်ခုလုံးကို AA ကထိန်းချုပ်လိုက်ပြီး တောင်ကုတ်မှာ စစ်ကောင်စီ ကင်းစင်နယ်မြေဖြစ်သွားပြီဖြစ်သည်။

ပလက်ဝအပါအဝင် ရခိုင်ပြည်နယ်တွင် AAသိမ်းဆည်းထားသည့်မြို့ပေါင်း ၁၂မြို့ရှိသွားပြီဖြစ်ကာ အမ်း နပခနှင့် ဂွတပ်ရင်းတို့ကိုလည်း ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

#တောင်ကုတ် #စကခ၅မှူး #ဗျူဟာမှူး #ထွက်ပြေး #Ayeyarwaddy_Times