ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၇ ရက်

လာမည့် ၂၀၂၅ ခုနှစ်အတွက် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (UNOCHA) က လူသားချင်းစာနာမှု အကူညီပေးရန်စီစဉ်ရာတွင် အမျိုးသမီးနှင့် မိန်းကလေးဦးစားပေးကူညီမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံလူဦးရေ၏ သုံးပုံတစ်ပုံကျော်ဖြစ်သည့် လူဦးရေ ၁၉ ဒသမ ၉သန်းသည် လာမည့် ၂၀၂၅ ခုနှစ်တွင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ လိုအပ်မည်ဖြစ်ပြီး ယင်းတို့ထဲမှ ၅ ဒဿမ ၅ သန်းကို ကူညီရန်အတွက် အမေရိကန်ဒေါ်လာ ၁ ဒဿမ ၁ ထောက်ပံ့ပေးသွားရန် စီစဉ်ထားကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (မြန်မာ) UNOCHA-Myanmar က ထုတ်ပြန်သည်။

အ‌ဆိုပါထိခိုက်လွယ်သူ ၅ ဒဿမ ၅ သန်းကိုကူညီရာ၌ ဦးစားပေးစာရင်းတွင် အမျိုးသမီးနှင့် မိန်းကလေး ၅၂ ရာခိုင် နှုန်း၊ ကလေးများအတွက် ၃၄ ရာခိုင်နှုန်း၊ သက်ကြီးရွယ်အိုများအတွက် ၁၁ ရာခိုင်နှုန်းနှင့် မသန်စွမ်းသူများအတွက် ၁၃ ရာခိုင်နှုန်း သတ်မှတ်ထားကြောင်း UNOCHA ထုတ်ပြန်ချက်တွင်ပါဝင်သည်။

” ၂၀၂၄ ခုနှစ်အတွင်း ရန်ပုံငွေရရှိခဲ့မှု အလွန်နည်းပါးခဲ့တာကြောင့် အကူအညီပေးဖို့ လျာထားခဲ့တဲ့ လူဦးရေ ၅ ဒသမ ၃ သန်းထဲကလူဦးရေ ၁ ဒသမ ၄ သန်းဟာ ဘာအကူအညီမှ မရရှိခဲ့ပါဘူး။ ရရှိခဲ့တဲ့သူတွေဟာလည်း အပြည့်အစုံရရှိခဲ့ခြင်း မရှိပါဘူး။ ၂၀၂၅ ခုနှစ်မှာ ရန်ပုံငွေလောက်လုံစွာ မရှိခဲ့ပြန်ဘူးဆိုရင် ဘ၀ပေါင်းများစွာ အကူအညီမဲ့ကြရပါလိမ့်မယ်” ဟု UNOCHA က ဆိုထားသည်။

ယခုနှစ် ၂၀၂၄ ခုနှစ်တွင် လူသားစာနာထောက်ထားမှုအကူညီလိုအပ်သူ ၁၈ ဒဿမ ၆ သန်းတွင် ကူညီရန်လျာထားသည့် ၅ ဒသမ ၃ သန်းအတွက် ရန်ပုံငွေလိုအပ်ချက် ပြည့်မီစွာရရှိမှု မရှိကြောင်း သိရသည်။

ဓာတ်ပုံ – ကရင်နီစစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက်

#အမျိုးသမီး #မိန်းကလေးများ #ဦးစားပေး #လူသားချင်းစာနာကူညီမှု #UNOCHA #Ayeyarwaddy_Times