ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၇ ရက်

ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်တွင် စစ်ကောင်စီ၏စစ်မှုထမ်းဥပဒေကြောင့်တက်ရောက်ရသည့် စစ်သင်တန်းပြီးဆုံးသူများနှင့် တက်ရောက်နေသူများကို ရခိုင်သို့ပို့ ဆောင်နေသည့်အတွက် သင်တန်း ဆင်းများ ထွက်ပြေးနေကြောင်း သိရသည်။

ထ်ု့ပြင် ဧရာဝတီတိုင်းမှ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များကိုလည်း လုံခြုံရေးယူပေးရန် ဟုဆိုကာ ဂွမြို့တိုက်ပွဲဖြစ်ပွားနေသည့် နေရာသို့ လိမ်လည် ပို့ဆောင်ခံရသည့်အတွက် ရဲတပ်ဖွဲ့ဝင်များမှာ အလုံးအရင်းနှင့်ထွက်ပြေးနေကြောင်း သိရသည်။

“ပြည်သူ့လုံခြုံရေး ခေါင်းစဉ်နဲ့ မြို့နယ်ထဲမှာပဲ လုံခြုံရေးယူရမယ်ဆိုပြီး လိမ်ပြီး ဂွကိုပို့လိုက်တာ။ စစ် သင်တန်းဆင်းတွေရော၊ ရဲတွေရော ထွက်ပြေးကြတယ်။ ထွက်ပြေးသူတွေရဲ့အိမ်တွေကိုလည်း ချိပ်ပိတ် ပစ်မယ်ဆိုပြီး ခြိမ်းခြောက်ထားတယ်” ဟု တပ်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၄ ရက်နေ့က ဂွမြို့အခြေစိုက် စစ်ကောင်စီ၏ ခမရ ၅၆၃ တပ်ရင်းကို အာရက္ခ တပ်တော် (AA) က ဝင် ရောက်တိုက်ခိုက်ခဲ့ရာ ဂွမြို့မရဲစခန်းမှ ရဲများထွက်ပြေးကြကြောင်း သိရသည်။

စစ်မှုထမ်းသင်တန်းဆင်းများနှင့် စစ်သင်တန်းသို့မရောက်ဘဲ ရှေ့တန်းသို့ပို့ခံရသည့် သင်တန်းသား များထွက်ပြေးသည်ကို စစ်ကောင်စီက မိသားစုဝင်များပိုင်ဆိုင်သည့် အိမ်ကိုချိပ်ပိတ်မှုများ ပြုလုပ် နေကြောင်း ဒေသခံများထံက သိရသည်။

ထို့ပြင် နိုဝင်ဘာလအတွင်းက ပြည်သူ့လုံခြုံရေးအဖွဲ့သင်တန်းဆင်းထားသူ ဦးရေ ၅၀ ထဲမှ ၁၅ ဦးမှာ သတ်မှတ်ထားသည့် တပ်ရင်းသို့ သွားရောက်ပူးပေါင်းခြင်းမရှိဘဲ ထွက်ပြေးသွားသည့်အတွက် စစ်ကောင်စီက နေအိမ်များကို ချိပ်ပိတ်ပြီး မိသားစုဝင်များကိုလည်း ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ် နေကြောင်း သိရသည်။

ဧရာဝတီတိုင်းတွင်းရှိ ပုသိမ်၊ ကျုံပျော်၊ ရေကြည်၊ ငါး သိုင်းချောင်း၊ အသုတ်မြို့နယ်များမှ ဂွသို့ ပို့ဆောင်ခံရ သည့် ရဲတပ်ဖွဲ့ဝင်များသည်လည်း ရှေ့တန်းပို့ဆောင်ခံရစဉ် ထွက်ပြေးသွားကြကြောင်း သိရသည်။

လက်ရှိတွင် ဧရာဝတီတိုင်းနှင့် ဆက်စပ်နေသည့် ဂွမြို့တွင် တိုက်ပွဲပြင်းထန်နေပြီး AA က ဂွအခြေစိုက် ခမရ ၅၆၃ ကို ဝင်ရောက်တိုက်ခိုက်ကာ ခမရ ၅၆၂ ကိုလည်း ပိတ်ဆို့ထားပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

AA နှင့်ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် သင်တန်းဆင်း အောက်ခြေစစ်သားနှင့် ရဲများသာမက စကခမှူး၊ ဗျူဟာမှူးနှင့် တပ်မမှူး၊ တပ်ရင်းမှူးများပါမကျန် ကစဉ့်ကလျားထွက်ပြေးနေကြရကြောင်း သိရသည်။

ပုံစာ – နပခ အတွင်းမှ အလံဖြူထောင်လာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ
#ရခိုင် #ဧရာဝတီတိုင်း #စစ်သင်တန်းဆင်း #ရဲတပ်ဖွဲ့ဝင်များ #ထွက်ပြေး #Ayeyarwaddy_Times