
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၆ ရက်
ထိုင်းနိုင်ငံ၊ ဖိချဘွန်းမြို့နယ်ရှိ ကြက်သားစက်ရုံတစ်ခုတွင် နှစ် နှစ်သက်တမ်းတိုးရမည့် အလုပ်ဗီဇာ ကြေးများပြားသည့် အတွက် ယနေ့ ဒီဇင်ဘာ ၁၆ ရက်နေ့တွင် မြန်မာအလုပ်သမား ၁,၀၀၀ ကျော် တောင်းဆို ဆန္ဒပြခဲ့ရာ ဘတ်ငွေ ၆,၀၀၀ ဖြင့် ညှိနှိုင်း အဆင်ပြေခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကြက်သား စက်ရုံသည် အလုပ်သမားများအပေါ် ဗီဇာသက်တမ်းတိုးရန် ဘတ်ငွေ ၆၀၀၀ သတ်မှတ်ထား သော်လည်း သက်တမ်းတိုးရန် အပ်ထားသည့် အေဂျင်စီကုမ္ပဏီများက တစ်ဦးလျှင် ဘတ်ငွေ ၁၁,၅၀၀ ကောက်ခံသည့် အတွက် ဈေးနှုန်းမှန်ကန်စွာ ရရှိနိုင်ရန် မြန်မာအလုပ်သမားများက ငြိမ်းချမ်းစွာ တောင်းဆိုဆန္ဒပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာအလုပ်သမား ၁၀၀၀ ကျော်သည် အလုပ်မဝင်ခင် နံနက်ပိုင်းမှ ညနေ ၆ နာရီဝန်းကျင်အထိ တစ်နေကုန်နီးပါး တောင်းဆိုခဲ့ခြင်းဖြစ်ပြီး ညနေ ၅ နာရီ ၃၀ မိနစ်တွင် အလုပ်ရုံတာဝန်ရှိသူများ၊ တာဝန်ယူထားသည့် အေဂျင်စီများနှင့် တွေ့ဆုံစကား ပြောခွင့်ရခဲ့ပြီး နှစ်ဖက်စလုံး မနစ်နာသည့် ညှိနှိုင်းငွေ ဘတ် ၆၀၀၀ ဖြင့် အောင်မြင်စွာ ဆွေးနွေးနိုင်ခဲ့ ကြောင်းလည်း သိရသည်။
“ဝေါ့ခ်ပါမစ်(work permit) နှစ် နှစ်၊ ဗီဇာနှစ်နှစ်၊ သွေးစစ်ခအပြီးအစီး ဘတ် ၆၀၀၀ တည်းနဲ့ အောင်မြင်သွားတယ်။ အလုပ် ရုံကလည်း ညစ်ပတ်ထားခြင်းမရှိဘူး။ ပြန်လည်ငှားရမ်းထားတဲ့ အေဂျင်စီက ဈေးပိုကောက်တာ။ အဲ့တာကြောင့် အလုပ် သမားတွေတောင်းဆိုတာကို သူတို့ကနားလည်တယ်။ တောင်းဆိုတဲ့ အလုပ်သမားခေါင်းဆောင်တွေကိုလည်း အလုပ်ဖြုတ်ခြင်း ဘာခြင်းမရှိဘူး။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပြီးသွားတယ်” ဟု အေအေစီ ကိုရဲမင်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ ကြက်သား စက်ရုံသည် အလုပ်သမား ၂၀၀၀ ကျော်ရှိသည့် စက်ရုံကြီးတစ်ခုဖြစ်ပြီး မြန်မာအလုပ်သမား ၁၀၀၀ ကျော် ပါဝင် ဆန္ဒပြ တောင်းဆိုခဲ့ပြီး ကိုရဲမင်းနှင့် MHAC မဟာမိတ်အဖွဲ့မှ ကူညီအကြံပေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
အလုပ်ဗီဇာ အတွက် နှစ်နှစ်သက်တမ်းတိုးရမည့် ကုန်ကျစရိတ်မှာ ဝေါ့ခ်ပါမစ် နှစ် နှစ်လျှင် ဘတ် ၁၉၀၀၊ ဗီဇာ နှစ်နှစ်လျှင် ၁၃၀၀၊ သွေးစစ်ခ ၅၀၀၊ စာရွက်စာတမ်းစရိတ် ၅၀၀ ဝန်းကျင်သာ ကုန်ကျ နိုင် ကြောင်းလည်း သိရသည်။
“တောင်းဆိုမှုမရှိရင် ဒီအေဂျင်စီတွေက အဲ့ဈေးအတိုင်းပဲ ပေးပြီး အလုပ်သမားတွေကခံရမှာ။ ဒီနေ့ စက်ရုံ သုံးလေးရုံက အဲ့လိုဆန္ဒပြကြတယ်။ တကယ်သာလူညီရင် ဒီကိစ္စကို အားလုံး အောင်မြင် ကြတယ်။ အလုပ်သမားတွေ စည်းလုံးဖို့တစ်ခုပဲ” ဟု ကိုရဲမင်းက ဆက်လက်ပြောသည်။
ထိုင်းရှိ အလုပ်ရုံ၊ စက်ရုံများတွင်မြန်မာအလုပ်သမားများအနေဖြင့် နှစ်နှစ်ဗီဇာ သက်တမ်းတိုးကြေး များပြားပါက ညီညွတ်စွာဖြင့် အလုပ်ရှင်များထံ တောင်းဆိုကြရန်၊ လုပ်ငန်းခွင်အချိန်များကို မထိခိုက်ပဲ အားလပ်ချိန်များတွင် ငြိမ်းချမ်စွာ တောင်းဆိုကြရန်နှင့် ထိုသို့ တောင်းဆိုခဲ့သည့် စက်ရုံ အလုပ်ရုံ ၃၀ နီးပါးမှာလည်း သက်တမ်းတိုးကုန်ကျငွေကို ဈေးနှုန်းသင့်တင့်စွာ ညှိနှိုင်းနိုင်ခဲ့ပြီ ဖြစ်ကြောင်း ကိုရဲမင်း၏ ပြောဆိုချက်အရ သိရသည်။
ဓာတ်ပုံ – ပေးပို့
ပုံစာ – ကြက်သားစက်ရုံမှ ဆန္ဒပြတောင်းဆိုသည့် မြန်မာလုပ်သားများ
#ထိုင်း #သက်တမ်းတိုး #နှစ်နှစ် #ဆန္ဒပြတောင်းဆို #စက်ရုံ #မြန်မာအလုပ်သမား #Ayeyarwaddy_Times