
“အမျိုးသမီးနဲ့ ဂျဲန်ဒါခံယူမှုကွဲပြားသူတွေလည်း ဦးဆောင်မှုအခန်းကဏ္ဍမှာ အိမ်ဖြည့်အနေနဲ့မဟုတ်ဘဲ အဓိပ္ပာယ်ရှိစွာ ပိုပြီး ပါဝင်လာနိုင်ဖို့အတွက် လုပ်ဆောင်မယ်။ KNDF ရဲ့ လုပ်ဆောင်ချက်တွေအားလုံး၊ မူဝါဒတွေအားလုံးမှာ ဂျဲန်ဒါရှုထောင့်ကို ထည့်သွင်းစဥ်းစားနိုင်ဖို့ ဆောင်ရွက်သွားမှာဖြစ်တယ်”
နိုင်း/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၇ ရက်
ကရင်နီပြည်နယ်က တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဟာ အမျိုးသမီးတွေနဲ့ ဂျဲန်ဒါကွဲပြားတဲ့ ရဲဘော် တွေအပြင် တပ်ရင်းတစ်ခုလုံး တန်းတူညီမျှမှုရစေ ဖို့အတွက် ဂျဲန်ဒါတန်းတူညီမျှရေးဌာကို ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။
KNDF ရဲ့ ဂျဲန်ဒါတန်းတူညီမျှရေးဌာနအပြင် ၎င်းနဲ့အတူ ဗဟိုကျန်းမာရေးဌာနကိုပါ ဖွဲ့စည်းခဲ့ပြီး ဌာနနှစ်ခုရဲ့ ဌာနမှူး၊ ဒုတိယဌာနမှူး၊ တာဝန်ရှိခံများရဲ့ ကျမ်း သစ္စာကျိန်ဆိုပွဲ အခမ်းအနားကိုလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်နေ့က ကျင်းပခဲ့ပါတယ်။
KNDF အနေနဲ့ ဂျဲန်ဒါတန်းတူညီမျှရေးဌာနကို ဖွဲ့စည်းပြီး ဂျဲဒါနဲ့ပါတ်သတ်တဲ့ ခွဲခြားမှုတွေ မရှိစေရေးကို လုပ်ဆောက်သွားမယ်လို့ သိရပြီး ဌာနရဲ့ ရှေ့ဆက်လုပ်ငန်းစဉ်တွေ အကြောင်းကို သိရှိနိုင်ဖို့အတွက် ဒုတိယဌာနမှူးခရစ်ကို ဧရာဝတီတိုင်းမ် သတင်းထောက်နိုင်းက ဆက်သွယ်မေးမြန်းထားပါတယ်။
ဧရာဝတီတိုင်းမ်။ ။ ဆရာမရဲ့ နာမည်၊ ရာထူး နဲ့တာဝန်ထမ်းဆောင်နေတဲ့ ဌာနကို မိတ်ဆက်ပေးပါဦး။
🟥ခရစ်။ ။ဒုတိယ ဌာနမှူး၊ Gender Equity Department ကပါ။ နာမည်ဆိုရင်တော့ ခရစ်လို့ ခေါ်လို့ရပါတယ်။
ဧရာဝတီတိုင်းမ်။ ။အခု KNDF ကနေဖွဲ့စည်းထားတဲ့ ဂျဲန်ဒါတန်းတူညီမျှရေးဌာန ကို ဘာကြောင့်ဖွဲ့စည်း ရတာလည်းဆိုတာ ရှင်းပြပေးလို့ရမလား။
🟥ခရစ်။ ။ဂျဲန်ဒါတန်းတူညီမျှရေးဌာနကို ဘာကြောင့်ဖွဲ့စည်းရတာလဲဆိုရင် ကျွန်မတို့က ဒီမိုကရေစီ အတွက်တိုက်နေတာဖြစ်ပြီး ဒီမိုကရေစီမှာ ဂျဲန်ဒါတန်းတူညီမျှရေးက ပါဝင်နေတာကြောင့် ဖြစ်တယ်။ နောက်ပြီး တစ်ဖက်က စစ်တိုက်နေသလို တဖက်ကနေလည်း ဒီမိုကရေစီအုတ်မြတ်ခိုင်မာအောင် တည်ဆောက်နေဖို့လိုတယ်လို့ ယုံကြည်တာကြောင့် ဂျဲန်ဒါတန်းတူညီမျှရေးလုပ်ငန်းတွေကို လုပ်ဆောင် နိုင်ဖို့ ဒီဌာနကို ဖွဲ့စည်းရတာဖြစ်ပါတယ်။
ဧရာဝတီတိုင်းမ်။ ။ဒီဌာန မဖွဲ့စည်းခင်ကရော ဂျဲန်ဒါရေးရာ ပြသနာတွေရှိလာရင် ဘယ်လို ဖြေရှင်းလေ့ရှိလဲ။
🟥ခရစ်။ ။ KNDF မှာက စစ်ဘက်ဆိုင်ရာအက်ဥပဒေရှိတယ်။ စစ်ဘက်ဆိုင်ရာအက်ဥပဒေရဲ့ ပုဒ်မ (၂၅) မှာတော့ ဂျဲန်ဒါရေးရာပြဿနာတွေကို ဖြေရှင်းဖို့ လမ်းဖွင့်ပေးထားတယ်။ သို့သော် ဂျဲန်ဒါရေးရာ ပြဿနာတွေကို တိုင်တန်းတာက၊ ဖြေရှင်းပေးဖို့ တင်ပြလာတာက ကျွန်မတို့ သိသလောက် အတော်နည်းပါတယ်။
အရင်က ဂျဲန်ဒါရေးရာပြဿနာတွေ ခုံရုံးကို သိပ်ရောက်မလာတာက တကယ်ပဲ အဲ့လိုပြဿနာတွေ မရှိလို့လား သို့မဟုတ် တခြားအကြောင်းတွေများ ရှိနေသေးလားဆိုတာကတော့ မေးခွန်းထုတ်စရာ ဖြစ်ခဲ့တယ်။
ဧရာဝတီတိုင်းမ်။ ။အခု ဌာနဖွဲ့စည်း လိုက်ပြီဆိုတော့ ရှေ့ဆက်ဘယ်လိုတွေ ဆက်လက် လုပ်ဆောင်သွားဖို့ရှိလဲ ဆိုတာ သိရမလား။
🟥ခရစ်။ ။အခုဌာနဖွဲ့စည်းပြီးနောက်မှာ အဲ့မေးခွန်းရဲ့ အဖြေကို ရှာဖွေသွားမှာဖြစ်တယ်။ ကျွန်မဌာနက တပ်ရင်း၊ ဗျူဟာ၊ ဌာနအသီးသီးက အမျိုးသမီးရဲဘော်တွေ၊ ဂျဲန်ဒါခံယူမှုကွဲပြားသူတွေနဲ့ တွေ့မယ်။ စိတ်ပိုင်းဆိုင်ရာအပါအဝင် လိုအပ်တဲ့ ကူညီစောင့်ရှောက်မှုတွေ ပေးနိုင်ဖို့အတွက် ကြိုးစားမှာဖြစ်တယ်။
ဒါ့အပြင် ဂျဲန်ဒါနဲ့ ပတ်သက်တဲ့ ခွဲခြားဆက်ဆံမှုတွေ၊ ပိုကောင်းအောင် ပြုပြင်တည်ဆောက်ရမယ့် အရာတွေကို လုံခြုံစွာဆွေးနွေးနိုင်တဲ့ ယန္တရားဖော်ဆောင်သွားမှာဖြစ်တယ်။ ပြီးတော့ အမျိုးသမီးနဲ့ ဂျဲန်ဒါခံယူမှုကွဲပြားသူတွေလည်း ဦးဆောင်မှုအခန်းကဏ္ဍမှာ အိမ်ဖြည့်အနေနဲ့မဟုတ်ဘဲ အဓိပ္ပာယ်ရှိစွာ ပိုပြီး ပါဝင်လာနိုင်ဖို့အတွက် လုပ်ဆောင်မယ်။ KNDF ရဲ့ လုပ်ဆောင်ချက်တွေအားလုံး၊ မူဝါဒတွေအားလုံးမှာ ဂျဲန်ဒါရှုထောင့်ကို ထည့်သွင်းစဥ်းစားနိုင်ဖို့ ဆောင်ရွက်သွားမှာဖြစ်တယ်။
ဧရာဝတီတိုင်းမ်။ ။တပ်ရင်းထဲမှာ အဓိက ကြုံတွေ့ရတဲ့ ဂျဲန်ဒါကွဲပြားမှု ပြသနာတွေက ဘာလဲဆိုတာ ပြောပြပေးလို့ ရမလား။
🟥ခရစ်။ ။ဂျဲန်ဒါကွဲပြားမှုပြဿနာလို့ ပြောတဲ့နေရာမှာလည်း အဓိပ္ပာယ်ဖွင့်ဆိုဖို့လိုတယ်။ မြင်သာတဲ့ ပြဿနာနဲ့ မမြင်သာတဲ့ ပြဿနာဆိုပြီး ခွဲခြားဖြေပါမယ်။ မြင်သာတဲ့ ပြဿနာဆိုတာက မူဝါဒအရ ခွဲခြားဆက်ဆံတာ၊ အမျိုးသမီးနဲ့ ဂျဲန်ဒါခံယူမှုကွဲပြားသူများကို ဖယ်ကြဥ်ထားတာ၊ ဆွေးနွေးပြောဆိုခွင့် မပေးတာတွေက မြင်သာတဲ့ ပြဿနာ၊ ခွဲခြားဆက်ဆံမှု သာဓကတွေဖြစ်တယ်။
ဒီလိုမျိုးမြင်သာတဲ့ ပြဿနာတွေ KNDF မှာ မရှိသလောက်ပါပဲ။ မမြင်သာတဲ့ ပြဿနာတွေမှာတော့ နေထိုင်တဲ့လူ့အသိုင်းအဝိုင်းက သတ်မှတ်ထားတဲ့ ရိုးရာယဥ်ကျေးမှုစံနှုန်းတွေအရ အလိုအလျောက် အမျိုးသမီးနဲ့ ဂျဲန်ဒါခံယူမှုကွဲပြားသူတွေကို ပိုမို နိမ့်ကျတဲ့ သို့မဟုတ် အပြစ်ရှိတဲ့ ဖြစ်တည်မှုလို့ ရှုမြင်တာတွေ၊ အမျိုးသမီးမှန်ရင် ဘာလုပ်ရမယ်၊ ညာလုပ်ရမယ်၊ ဘယ်လိုနေထိုင်ပြုမူရမယ်စသဖြင့် သတ်မှတ်ထားတာတွေက မမြင်သာတဲ့ ပြဿနာတွေဖြစ်တယ်။
ဒီလို မမြင်သာတဲ့ ခွဲခြားဆက်ဆံမှုတွေကတော့ KNDF မှမဟုတ်ဘဲ နေရာတိုင်းမှာလည်း ရှိနေပါတယ်။ ဒါတွေကိုတော့ အနည်းနဲ့အများ ကြုံတွေ့နေကြရပါတယ်။
ဧရာဝတီတိုင်းမ်။ ။ဒီဌာနက အခြားအဖွဲ့အစည်းတွေနဲ့ရော ဆက်စပ်မှုရှိလားရှင့်။ ဒါမှမဟုတ် KNDF တပ်ရင်းအောက်ကပဲလား။
🟥ခရစ်။ ။ဒီဌာနက KNDF ရဲ့ ဗဟိုဌာနတစ်ခုဖြစ်တယ်။ တပ်တွင်းအရေးကိစ္စတွေကို အဓိကထား ဆောင်ရွက်မယ်။ အခြားအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်မှုတွေကိုလည်း လုပ်ငန်းစဥ် အပေါ်မူတည်ပြီး ဆောင်ရွက်သွားမှာဖြစ်တယ်။
ဧရာဝတီတိုင်းမ်။ ။ အခုလိုဖြေကြားပေးတဲ့ပတွက် ကျေးဇူးတင်ပါတယ်ရှင့်။
ဓာတ်ပုံ – KNDF
#KNDF #ဂျဲန်ဒါရေးရာဌာန #အမျိုးသမီးကဏ္ဍ #Ayeyarwaddy_Times
မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းမှုကြောင့် လက်ရှိအမျိုးသမီးများ ရင်ဆိုင်နေရသည့် အခက်အခဲ၊ စိန်ခေါ်မှုနှင့် ကျော်ဖြတ်ခဲ့ရသည့် အခြေအနေများအပြင် အမျိုးသမီးများဦးဆောင်၍ လုပ်ဆောင် နေသည့် အကြောင်းအရာများကို “အမျိုးသမီးကဏ္ဍ” အနေဖြင့် အပတ်စဉ် အင်္ဂါနေတိုင်း တင်ဆက် ပေးနိုင်ရန် ကြိုးစားသွားမည်ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုနိုင်ပါကြောင်း ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အသိပေးအပ်ပါသည်။)