
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁၅ ရက်
ဧရာဝတီတိုင်းအတွင်း တိုက်ပွဲများဖြစ်ပေါ်လာပါက ဘေးလွတ်ရာရှောင်တိမ်းနိုင်ရန်အတွက် စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများ ကြိုတင်စီစဉ်နေကြောင်း ဒေသခံဝန်ထမ်းများထံမှ သိရသည်။
တိုက်ပွဲဖြစ်လာလျင် ဘေးလွတ်ရာတိမ်းရှောင်ရန်နှင့် အရေးကြီးစာရွက်စာတမ်းများ ရွှေ့ပြောင်းဖျက်စီးမှုများပြုလုပ်ရန်အတွက်လည်း ကြိုတင်ညွှန်ကြားထားကြောင်း ဝန်ထမ်းအသိုင်းဝိုင်းမှ သိရသည်။
“ အရေးကြီးဖိုင်တွေ ရွှေ့ပြောင်းဖျက်စီးဖို့ ညွှန်ကြားထားတာကြာပါပြီ။ ပြီးတော့ ခုရက်ပိုင်းပြောတာကတော့ လူအင်အားရော လက်နက်အင်အားရောသာတယ် ခံချရမယ် ခံတိုက်မှ အသက်ရှင်မယ်ဆိုပြီး အားပေးသလို စည်းရုံးသလိုမျိုး ပြောလာတာတွေရှိတယ်။ တကယ်ဖြစ်ရင်တော့ ကျွန်တော်လည်း ပြေးမှာပါ။ ရှောင်ပြေးမှ အသက်ရှင်မှာ ‘’ဟု ရဲတပ်ဖွဲ့ဝင်တဦးမှ ဧရာဝတီတိုင်းမ်သို့ပြောသည်။
စစ်ကောင်စီခန့် တိုင်းဝန်ကြီးချုပ်ရုံးရှိရာ ပုသိမ်မြို့တွင် ဒီဇင်ဘာလ ၁၄ ရက်နေ့မှ စတင်၍ လူသုံးကုန်ပစ္စည်း အရောင်းဆိုင်များနှင့် မြို့မစျေးထဲတွင် စျေးလာဝယ်သည့် ဝန်ထမ်းအရေအတွက်များလာခဲ့ကြောင်း သိရသည်။
“ ခုရက်ပိုင်း နည်းနည်းပိုရောင်းရတယ်၊ ဝန်ထမ်းတွေပိုလာဝယ်တယ်။ဝယ်တာတော့အသုံးအဆောင်တွေ ကြိုးတွေ လက်နှိပ်ဓာတ်မီးတွေပါပါတယ်။ ပြီးတော့ ကုန်ခြောက်ပစ္စည်းတွေလည်း ရောင်းရတယ်’’ဟု မြို့မစျေးအတွင်း စျေးရောင်းချသူ အသက် ၄၀ အရွယ် အမျိုးသမီးတဦးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။
ဝန်ထမ်းအများစုသည် တိုက်ပွဲဖြစ်လာနိုင်သည့်ကိုသိပြီး ယခုကဲ့သို့ ကြိုတင်စီစဉ်သည့်အနေဖြင့် ဈေးဝယ်တာမျိုး ဖြစ်နိုင်ကြောင်း ၎င်းမှသုံးသပ်ပြောဆိုသည်။
#ဧရာဝတီတိုင်း #တိုက်ပွဲ #ဝန်ထမ်း #Ayeyarwaddy_Times