
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၆ ရက်
ရခိုင်ပြည်နယ် ဂွမြို့နယ်တွင် ဖြစ်ပွားနေသည့် အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတို့ တိုက်ပွဲများ ကြောင့် ဧရာဝ တီတိုင်း ရွှေသောင်ယံသို့ စစ်ရှောင်လာသူများကို စစ်ကောင်စီက မောင်းထုတ်နေကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားနေသည့် ဂွမြို့နယ်အတွင်းကျေးရွာမှ ဒေသခံများသည် စစ်ဘေးရှောင်ရန်အတွက် ရွှေသောင်ယံတွင် လာရောက်နေထိုင်နေကြသည်ကို စစ်ကောင်စီက ပြောင်းရွှေ့ခိုင်းနေကြောင်း အဆိုပါ စစ်ဘေးရှောင်များနှင့် နီးစပ်သူထံက သိရသည်။
“ရခိုင်မှတ်ပုံတင်နဲ့ စစ်ရှောင်လာသူတွေကို ပြောင်းခိုင်းထားတယ်။ အခုလည်း ခိုကပ်နေရတာလို့ သိထားရတယ်။ စားသောက်ရေးတွေလည်း အဆင်မပြေကြပါဘူး။ ဂွကလည်း မြို့ပေါ်ကို တိုက်ပွဲတွေ ရောက်လာပြီမို့ ပြန်လို့မရတော့ဘူးလို့ သိထားပါတယ်။ ခက်ခဲနေကြပါတယ်” ဟု ဂွဒေသမှ စစ်ရှောင် လာသူများနှင့်နီးစပ်သူအမျိုးသမီးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဂွမြို့နယ်အတွင်းမှ စစ်ရှောင်လာသူအများစုသည် ဧရာဝတီတိုင်းအတွင်းရှိ ရွှေသောင်ယံ၊ ငသိုင်းချောင်း၊ ရေကြည်၊ အသုတ်နှင့် အင်္ဂပူမြို့နယ်များတွင် စစ်ရှောင်ရန် နေထိုင်နေကြကြောင်း သိရသည်။
“လက်ရှိတော့ ရွှေသောင်ယံကလူတွေကိုရွှေ့ခိုင်းတယ်တဲ့။ နောက်မြို့နယ်ကလူတွေကိုတော့ ဘယ်လို လုပ်မယ်မသိသေးဘူး။ ချောင်းသာမှာ အစည်းအဝေးလုပ်ပြီး ပြောင်းခိုင်းတာလို့ပြောတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
စစ်ကောင်စီသည် ရွှေသောင်ယံတွင်ရှိသည့် စစ်ရှောင်များကို ဖျာပုံမြို့နယ်ဘက်သို့ ကိုယ့်စားရိတ် နှင့်ကိုယ် ရွှေ့ပြောင်းရန် ညွှန်ကြားထားပြီး ငသိုင်းချောင်း မြို့နယ်အတွင်းသို့ စစ်ဘေးရှောင်လာသည့် ဂွဒေသခံများမှာလည်း ဘုန်းကြီးကျောင်းနှင့် ဓမ္မာရုံများတွင် ခိုကပ်နေထိုင်နေရပြီး နေထိုင် စားသောက်ရေး အခက်အခဲရှိကြောင်း သိရသည်။
လက်ရှိတွင် ဧရာဝတီတိုင်းနှင့်နယ်မြေနီးစပ်သည့် ဂွမြို့နယ်၌ တိုက်ပွဲပြင်းထန်နေပြီး ဂွမြို့ရှိ စစ်ကောင်စီ ၏ ခမရ-၅၆၃ ကို AA က စတင်တိုက်ခိုက်ပြီး မြို့သိမ်းတိုက်ပွဲစတင်လိုက်ပြီဖြစ်၍ ဂွမြို့ပေါ်ရှိ ဒေသခံများမှာ ဧရာဝတီတိုင်းအတွင်း အစုလိုက် ဝင်ရောက်လာကာ စစ်ဘေးရှောင်နေရကြောင်း သိရသည်။
#ဧရာဝတီတိုင်း #ဂွ #ရခိုင် #စစ်ဘေးရှောင် #စစ်ကောင်စီ #နှင်ထုတ် #Ayeyarwaddy_Times