ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၅ ရက်

ယခုနှစ်အတွင်းကမ္ဘာ့တစ်ဝန်းရှိ ပဋိပက္ခဖြစ်သောနိုင်ငံများတွင် အသတ်ခံရသော သတင်းထောက် ၆၈ ဦးရှိပြီး မြန်မာနိုင်ငံမှ သုံးဦးပါဝင်ကြောင်း ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO ) အစီရင်ခံစာအရသိရသည်။

သတင်းထောက်များ အသတ်ခံရမှုသည် ယခု ၁၀ နှစ်အတွင်းအများဆုံးဖြစ်အသတ်ရခြင်းဖြစ်ပြီး အသတ်ခံရသူ သတင်းသမားများ ၆၀ ရာခိုင်နှုန်းသည် ပဋိပက္ခဖြစ်ပွားလျက်ရှိသည့် နိုင်ငံများမှနေ၍ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့အသတ်ခံရသည့်သတင်းသမားများထဲတွင် ပဋိပက္ခဖြစ်ပွားနေသည့်နိုင်ငံများမှ ၄၂ ဦး၊ ပါလက် စတိုင်းနယ်မြေတွင် ၁၈ ဦး၊ ယူကရိန်းတွင် လေးဦး၊ ကိုလမ်ဘီယာတွင် လေးဦး၊ အီရတ်၊ လက်ဘနွန်နှင့် မြန်မာနိုင်ငံတွင် သုံးဦးဆီ သေဆုံးခဲ့ရကြောင်းသိရသည်။

ထို့ပြင် ဆီရီးယား၊ ချက်၊ ဆိုမာလီယားနှင့် ကွန်ဂို ဒီမိုကရက်တစ်သမ္မတနိုင်ငံတို့တွင် သေဆုံးသူ တစ်ဦးစီရှိကြောင်း UNESCO အစီရင်ခံစာတွင်ဖော်ပြထားသည်။

” ဒီအချက်အလက်တွေအပြင်မှာ သေဆုံးမှုတွေအများကြီးရှိနိုင်ပါသေးတယ်။ မြန်မာနိုင်ငံမှာလည်း ဒီထက်ပိုများနိုင်ပါတယ်။ စာရင်းအတိအကျရဖို့ကခက်တော့ ဒီထက်ပိုနိုင်ပါတယ် ” ဟု သတင်းမီဒီယာ လုပ်သက် ဆယ်ငါးနှစ်ကျော်အတွေ့ အကြုံရှိသူ အမျိုးသမီးသတင်းထောက်တစ်ဦးက ဧရာ၀တီတိုင်းမ် ကို ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လတွင် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီတပ်ဝင်ရောက် စီးနင်းပစ်ခတ်မှုကြောင့် DVB နယ်သတင်းထောက်တစ်ဦးနှင့် အလွတ်တန်းသတင်းထောက်တစ်ဦးတို့ သေဆုံးခဲ့သည်။

ထို့ပြင် ပြီးခဲ့သည့် ဇန်နဝါရီ ၃ ရက်နေ့က မြောက်ဦးမြို့အခြေစိုက် စစ်ကောင်စီတပ် ခမရ ၃၇၈ တွင် ဖမ်းဆီးခံထားရသည့် သတင်းသမား ဖိုးသီဟ (ခေါ်) မြတ်သူထွန်းအပါအဝင် အရပ်သားခုနစ်ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်၍ အဆိုပါ တင်းရင်းတွင်ပင် မြှုပ်နှံခဲ့သည်။

နွေဦးတော်လှန်ရေးကာလအတွင်းသေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူ စုစုပေါင်း ၆၀၄၉ ဦး ရှိခဲ့ပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်း သားများကူညီစောင့်‌ရှောက်ရေး အသင်း ( AAPP )ထံက သိရသည်။

ထို့အပြင် စစ်တပ်အာဏာသိမ်းမှုကြောင့် ဒီမိုကရေစီအရေးဆောင်ရွက်သူ ၂၇၈၇၂ ဦးဖမ်းဆီးခံခဲ့ရပြီး ယင်းတို့ထဲမှ ၂၁၃၀၂ ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ ၉၆၇၇ ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#ကမ္ဘာတစ်ဝန်းသတင်းထောက်များသတ်ခံရ #UNESCOထုတ်ပြန် #Ayeyarwaddy_Times