ရက်စွဲ – ဒီဇင်ဘာ ၁၅ ရက်၊ ၂၀၂၄ ခုနှစ်

Ayeyarwaddy Times သတင်းဌာနသည် အာဏာသိမ်းစစ်ကောင်စီ၏ မြန်မာပြည်သူလူထုအပေါ် လူ့အခွင့်အရေး အကြီးအကျယ်ချိုးဖောက်နေသည့်သတင်းများအပါအ၀င် မြန်မာနိုင်ငံတ၀န်းဖြစ်ပွားနေသည့် သတင်းများကို အကျိုးအမြတ်မယူဘဲ ဖော်ထုတ်တင်ဆက်နေသော လွတ်လပ်သည့်သတင်းဌာန ဖြစ်ပါသည်။

စစ်ကောင်စီမှ မတရားအာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်၀ါရီလနောက်ပိုင်း ပြည်သူဘက်မှ ရပ်တည်ကာ သတင်းများဖော်ထုတ်ရေးသားမှုကြောင့် စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ အယ်ဒီတာနှင့်သတင်းထောက်များကို ဖမ်းဆီးထောင်ချခြင်းနှင့် သတင်းဌာန၏လုပ်ငန်းလိုင်စင် ပိတ်သိမ်းခြင်း၊ ဌာန၏အယ်ဒီတာများကို အမှုဖွင့်၊ လိုက်လံ ဖမ်းဆီးခြင်း၊ ဌာန၏ Social Media နှင့် Website တို့ကို အင်တာနက် နည်းပညာဖြင့် တိုက်ခိုက်ခြင်းစသော စ နည်းမျိုးစုံဖြင့် ဒုက္ခပေးမှုများ ရင်ဆိုင်နေရပါသည်။

ယင်းအ‌ခြေအနေတွင် ပြီးခဲ့သည့် နို၀င်ဘာလ ၂၇ ရက်နေ့က BOOM Myanmar ဟူသောအဖွဲ့မှ Ayeyarwaddy Times သတင်းဌာန၏ရခိုင်ပြည်နယ်စစ်ရေး သတင်းတစ်ပုဒ်ကို အကြောင်းပြု၍ ၄င်းတို့၏ Website တွင် “Ayeyarwaddy Times သတင်းဌာနမှ သတင်းမှားများ ရေးသားဖြန့်ချီနေကြောင်း” မဟုတ်မမှန်ရေးသား၍ ပို့စ်တင်ခဲ့သလို Ayeyarwaddy Times သတင်းဌာန၏ Facebook စာမျက်နှာကိုလည်း Facebook Team ထံ Report ပြုလုပ် တိုက်ခိုက်ခဲ့ပါသည်။ အဆိုပါ မဟုတ်မမှန် တိုင်တန်းချက်ကို Facebook Team မှ အတည်ယူပြီး မိမိတို့သတင်းဌာန Facebook Page ကို အရေးယူမှုများ ပြုလုပ်ခဲ့ပါသည်။

BOOM Myanmar အဖွဲ့၏အဆိုပါလုပ်ရပ်နှင့်ပတ်သတ်၍ ရှင်းလင်းပြော ကြားချက်ကို မိမိတို့ နားထောင်လိုပြီး Ayeyarwaddy Times သတင်းဌာနမှကျင့်သုံးဆောင်ရွက်နေသည့် သတင်းခန်းစီမံခန့်ခွဲခြင်း လုပ်ငန်းစဥ်များကို ရှင်းလင်းပြောကြားလိုသည့်အတွက် အွန်လိုင်းမှတဆင့် တွေ့ဆုံဆွေးနွေးရန် BOOM Myanmar အဖွဲ့ထံ ဒီဇင်ဘာလ (၂) ရက်နေ့တွင် ပထမအကြိမ်၊ ဒီဇင်ဘာလ (၆) ရက်နေ့တွင် ဒုတိယအကြိမ် အီးမေးလ်ပို့ခြင်းနှင့် ၄င်းတို့ Facebook စာမျက်နှာမှတဆင့် ဆက်သွယ်ခဲ့သော်လည်း (လုံး၀) အကြောင်းပြန်ကြားခဲ့ခြင်း မရှိပါ။

သို့ဖြစ်ပါ၍ BOOM Myanmar အဖွဲ့၏လုပ်ရပ်သည် ပြည်သူလူထုဘက်မှ ရပ်တည်ဆောင်ရွက်နေသည့် လွတ်လပ်သော Ayeyarwaddy Times သတင်းဌာနကို ဂုဏ်သိက္ခာကျဆင်းစေရန် တိုက်ခိုက်ခြင်း၊ Facebook Team ထံသို့ Report ပြုလုပ်၍ တိုက်ခိုက်ခြင်းကြောင့် ပြည်သူလူထုထံ သတင်းများပျံ့နှံ့ရောက်ရှိစေမှုကို ထိခိုက်စေခြင်း၊ အခက်အခဲများစွာကြားမှ ကျင့်၀တ်နှင့်အညီ ရပ်တည်ဆောင်ရွက်နေသော သတင်းမီဒီယာလုပ်ငန်းကို အနှောင့်အယှက်ဖြစ်စေခြင်းတို့ကြောင့် ပြင်းထန်စွာကန့်ကွက်ရှုတ်ချပါကြောင်း အများသိစေရန် ထုတ်ပြန် ကြေညာအပ်ပါသည်။

အယ်ဒီတာအဖွဲ့