
ဧရာဝတီတိုင်းမ်
(ကရင်နီ)၊ ဒီဇင်ဘာ ၁၅ ရက်
ကရင်နီပြည်နယ်ရှိ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)မှ ဦးစီးဖွင့်လှစ်သော Frontline Combat Medic သင်တန်းကာလအတွင်း သင်တန်းသား ၁၈ ဦး သေဆုံးခဲ့ရသည့်ဖြစ်စဉ်တွင် အဓိက တာဝန်ရှိသူ သုံးဦးကို ပြစ်ဒဏ်များချမှတ်ခဲ့ပြီဖြစ်ကြောင်း ယနေ့ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် KNDF က ထုတ်ပြန်သည်။
အဆိုပါဖြစ်စဉ်ကို KNDF ဗဟိုကော်မတီမှ ဗဟိုစစ်တရားခုံရုံးအဖွဲ့ဖွဲ့ကာ အမှုကြားနာ စစ်ဆေးခဲ့ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာတင်ပြချက် နှင့် တရားခွင်အတွင်း သက်သေခံထွက်ဆိုချက် များအရ အဓိက တာဝန်ရှိသူများမှာ ကျောင်းအုပ်၊ ကာယလေ့ကျင့်ရေး Physical Training (PT) ဆရာ နှင့် သင်တန်းအကူ တို့ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် KNDF ၏ စစ်အက်ဥပဒေ ပြစ်မှုဆိုင်ရာ ပုဒ်မ(၁၇)၊ (၂၇)အရ ကျောင်းအုပ် နှင့် ကာယ လေ့ကျင့်ရေး Physical Training (PT) ဆရာတို့ကိုအလုပ်ကြမ်း နှင့် ထောင်ဒဏ် တစ်နှစ်သုံးလချမှတ်ခဲ့ပြီး သင်တန်းအကူကိုမူ ပြစ်မှုဆိုင်ရာ စစ်အက်ဥပဒေ ပုဒ်မ(၂၇)အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် သုံးလ ကျခံစေရန် ပြစ်ဒဏ်ချမှတ် ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက KNDF မှ ဦးစီးဖွင့်လှစ်ခဲ့သည့် ဆေးတပ်သား သင်တန်းကို တပ်ရင်း၊ တပ်ဖွဲ့ အသီးသီးမှ ရဲဘော်၊ ရဲမေ ၁၀၂ ဦး တက်ရောက်ခဲ့ပြီး သင်တန်းညဘက် လေ့ကျင်ရေးတစ်ခုအတွင်း ဆေးတပ်သား ၁၈ ဦး ရေမျောပါ သေဆုံးခဲ့ရခြင်းဖြစ်သည်။
ပုံစာ – သင်တန်းအတွင်း ရေနစ် သေဆုံးခဲ့ရသည့် တပ်ဖွဲ့ဝင်အချို့၏ ဈာပနအခမ်းအနားကို တွေ့ရစဉ်။
#ကရင်နီ #ဆေးတပ်သား #သေဆုံး #ရေမျာပါ #တာဝန်ရှိသူ #ပြစ်ဒဏ်ချမှတ် #KNDF #Ayeyarwaddy_Times