ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ ဒီဇင်ဘာ ၁၅ ရက်)

အိပ်မပျော်တဲ့ ညတွေ‌ ကို ဖြတ်ကျော်ရတာ တကယ်ကို ပင်ပန်းလွန်းပါတယ်။
အိပ်ပျော်ဖို့ ဘယ်လိုပဲ ကြိုးစားကြိုးစားအတွေးတွေယှဉ်လျက် စိတ်ရှုပ်ထွေးလာကာ မနက်မိုးလင်း သွားတဲ့တိုင် ပင်ပန်းပြီး အိပ်မရတဲ့အဖြစ်မျိုးတွေ ကြုံနေရပါတယ်။ နေ့အချိန်မှာလည်း ညအိပ်မရခြင်း ကြောင့် လန်းလန်းဆန်းဆန်းမရှိဘဲ အလုပ်တွေမပြီးနိုင် စွမ်းဆောင်ရည်တွေ ကျဆင်းနေရပါတယ်။ ဒီလိုအဖြစ်တွေက စစ်နဲ့ပဋိပက္ခကာလမှာ လူတိုင်းကြုံတွေ့နေတဲ့ အရာလို့ဆိုနိုင်ပါတယ်။

#လှပခြင်းရဲ့အနှောက်အယှက်

အိပ်မပျော်ခြင်းကြောင့် ကိုယ်ခန္ဓာထိခိုက်စေသလို အလှလည်း ပျက်ရပါတယ်။ အိပ်ပျော်ဖို့ ခေါင်းအုံး မြင့်မြင့်သုံးပြီး အိပ်ကြရပါတယ်။အိပ်ဆေးတွေသောက်အိပ်ရပါတယ်။ ထိတ်လန့်စွာ ကြက်အိပ်ကြက်နိုး နေနေရတဲ့ စစ်‌ကြောင်းထိုးဒေသမှ ပြည်သူတွေဘဝအသက်ရှင်နေရခြင်းက ခက်ခဲပါတယ်။

အလှအပကျန်းမာရေးရှုထောင့်မှ ကြည့်မယ်ဆိုရင်လည်း အိပ်ရေးဝဝအိပ်ရဖို့လိုအပ်ပါတယ်။ အိပ်ရေး ပျက်တဲ့အခါ၊ အိပ်ရေးမဝတဲ့အခါ၊ အိပ်ချိန်မလုံလောက်တဲ့အခါမှာ မျက်တွင်းညိုခြင်း (မျက်ကွင်း ညိုခြင်း)၊ မျက်စိနီခြင်း၊ မျက်ခွံတင်းခြင်း၊ မျက်လုံးအနီးမှာရှိတဲ့ အရေးအကြောင်းတွေထင်းလာခြင်း၊ ပါးရေတွန့်ခြင်း စတာတွေဖြစ်လာပါတယ်။

အိပ်စက်ခြင်းပြဿနာရှိသူတွေမှာ အသားရောင်ဖျော့တော့လာခြင်း ဒါမှမဟုတ် အသားအရောင် ရင့်လာခြင်း၊ ဝက်ခြံအထွက်များလာခြင်း၊ ဆံသားအားနည်းလာခြင်း၊ ဆံပင်ကျွတ်ခြင်း၊ အရေပြား အားနည်းပြီးယားယံဓာတ်မတည့်မှုဖြစ်လွယ်လာခြင်းတွေကိုပါ ကြုံ‌ရတတ်ပါတယ်။

အိပ်ချိန်မလုံလောက်ပါက လူက မောပန်းနွမ်းနယ်‌ပြီး စိတ်ထိခိုက်လွယ်လာပါတယ်။ ကြည့်မြင်သူ ငေးရလောက်အောင် စမတ်ကျကျ သပ်သပ်ရပ်ရပ် ဝတ်စားဆင်ယင်နေထိုင်‌လေ့ရှိသူတွေမှာတောင် အိပ်ရေးပျက်ခြင်းခံစားရပါက ပြင်ပြင်ဆင်ဆင်နေထိုင်လိုစိတ်မရှိတော့ဘဲ တကိုယ်ရည်သန့်ရှင်းရေးပါ အားနည်းလာပါတော့တယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်တွေပျောက်လာပြီး လူမှုပတ်ဝန်းကျင်ကိုပါ ရှောင်ခွာလာတတ်ကြပါတယ်။

#အိပ်မပျော်ခြင်း‌နှင့်ယှဥ်တွဲရောဂါများ

အိပ်မပျော်ခြင်းဝေဒနာခံစားနေရသူတွေမှာ အစာအိမ်နှင့် အူလမ်းကြောင်းနှင့်သက်ဆိုင်တဲ့ အစာ မကြေခြင်း၊ အူလှိုင်းထမူမမှန်ခြင်း၊ လေထိုးလေအောင့်ဖြစ်ခြင်း၊ ဝမ်းသွားခြင်းအလေ့အထ ပြောင်းလဲ ခြင်းတွေကို ခံစားရတတ်ပါတယ်။ အရသာခံအာရုံလျော့ပါးလာပြီး အပူ၊ အစပ်၊ အချို၊ အငန် အရသာ ပြင်းပြင်းတွေကို တောင့်တပြီး စားသောက်မိကြပါတယ်။

အိပ်ရေးပျက်သူတွေနဲ့ အိပ်မရ အိပ်မပျော်သူတွေမှာ ကိုယ်အလေးချိန်တက်လာပါတယ်။ နိုးနေချိန် အိပ်ချိန် မမျှတတာကြောင့် (ဇီဝနာရီ ပျက်သွားပြီး) ကိုယ်ခန္ဓာအတွင်းထဲမှာ အချိန်အလိုက် ထိန်းချုပ် ပေးနေရတဲ့ ဟော်မုန်းတွေပါ ဟန်ချက်လွဲပြီး နေထိုင်မကောင်းဖြစ်စေပါတယ်။

ကိုယ်အလေးချိန် တိုးလာစေဖို့ကို လှုံ့ဆော်ပါတယ်။ အိပ်ရေးမဝခြင်းကြောင့် အစားစားခြင်းကို ထိန်းချုပ်နေတဲ့ Leptin နှင့် Ghrelin ဟော်မုန်းထုတ်လွှတ်မှုပုံစံ ပြောင်းလဲသွားပြီး အစာစားချင်စိတ် ရမ္မက်ကို ထိန်းမနိုင်တော့ဘဲ အလွန်အကြူးစားသောက်စေပါတော့တယ်။

အိပ်ရေးဝ မနေသူ(အိပ်မရနေသူ) တွေမှာ ကိုယ်လက်လှုပ်ရှားအားကစားလုပ်ချင်စိတ် ပျောက်နေ တတ်ပါတယ်။ သက်လုံမကောင်းဘဲ လေ့ကျင့်ခန်းလုပ်နေစဉ်မှာလည်း မောပန်းလွယ်ပါတယ်။

အိပ်ရေးပျက်တဲ့အခါ ပိုထွက်လာတဲ့ Cortisol ကဲ့သို့ စိတ်ဖိစီးဟော်မုန်း (Stress Hormone) အများစုဟာလည်း အစားကိုပိုစားမိအောင် နှိုးစော်ပါတယ်။ Insulin အင်ဆူလင် ဟော်မုန်းကို တုန့်ပြန်နိုင်စွမ်းတွေ ကျဆင်းလာတာကြောင့် ဆီးချိုကဲ့သို့သော လက္ခဏာတွေကို ကြုံရတတ်ပါတယ်။ အဆီတွေ ကိုယ်ခန္ဓာမှာစုပြီး ကိုယ်အလေးချိန်တွေတက်စေပါတယ်။

အိပ်ရေးပျက်ပါက ဦးနှောက်ကိုလည်း ထိခိုက်ပါတယ်။ တွေးတောဆင်ခြင် ဆုံးဖြတ်ချက် ချရခက်ပါတယ်။ ညဘက် ကြိုးစားအိပ်စဉ်မှာလည်း အိပ်မရဘဲ ဟိုလှုပ်သည်လှုပ် အချိန်ကုန်ပြီး ညောင်းညာကိုက်ခဲခြင်းသာ ခံစားရပါလိမ့်မယ်။

အိပ်မပျော်ခြင်းကြောင့် စိတ်ဓာတ်ကျခြင်း၊ စိတ်ဂနာမငြိမ်ခြင်း နှင့် မူးယစ်အနွယ်ဝင်ဆေးများ သုံးမိခြင်းတွေပါ ကြုံလာရနိုင်ပါတယ်။

အိပ်မပျော်တဲ့အခါ မိမိရဲ့စိတ်အခြေအနေကို တည်ငြိမ်အောင်ထိန်းချုပ်ဖို့ခက်ခဲလာပြီး စိတ်တိုစိတ်ဆက် ဒေါသဖြင့်တုံ့ပြန်မိတာကို ကြုံလာရနိုင်ပါတယ်။

နာတာရှည်ရောဂါတွေဖြစ်တဲ့ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ သွေးချိုဆီးချို ရောဂါ၊ လေဖြတ်ခြင်းတွေ ဖြစ်ပွားစေပါတယ်။ ခန္ဓာကိုယ်ရဲ့ ခုခံအားကို ကျဆင်းစေပြီး နေထိုင်မကောင်းဖြစ်လွယ်၊ ချူချာလွယ်တာမျိုးဖြစ်တတ်ပါတယ်။

ဝမ်းလျော၊ နှာစေး၊ အအေးမိဖျားနာလွယ်ပြီး ယာဉ်မတော်တဆမှု၊ လျှပ်စစ်စီးဓာတ်လိုက် မတော်တဆ မှုကဲ့သို့သော သတိထားဆင်ခြင်ကာကွယ်နိုင်တဲ့ ဘေးအန္တရာယ်တွေပါ ကြုံတွေ့မှု တိုးများလာတတ် ပါတယ်။

အိပ်မပျော်သူမှာ အတန်းပညာ သင်ခန်းစာများ လုပ်ငန်းခွင်များ အတွက် လိုအပ်တဲ့မှတ်ဉာဏ်နှင့် လေ့လာနိုင်မှုစွမ်းအားတွေကိုလည်း ကျဆင်းစေပါတယ်။ ကောင်းစွာအိပ်ပျော်သူနဲ့ယှဉ်ပါက ရမှတ်များ နည်းပါးနေတာကို ကြုံတွေ့ရပါတယ်။ နေ့စဉ်ဘဝလူနေမှုမှာလည်း အရည်အသွေးမမီတဲ့ဘဝကို ရနေသလို ခံစားရမှာဖြစ်ပါတယ်။

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့အတွက် အမူအကျင့်ပြောင်းလဲ၍ဖြစ်စေ စိတ်ကျန်းမာရေးတိုင်ပင် ဆွေးနွေးရင်ဖွင့်၍ဖြစ်စေ အိပ်ဆေးမှီဝဲ၍ဖြစ်စေ ကြိုးစားကုသနိုင်ပါတယ်။

ဧရာဝတီတိုင်မ်းပရိသတ်များအားလုံးလည်း ကောင်းမွန်နှစ်ခြိုက်စွာအိပ်ပျော်နိုင်ကြပါစေ။

နောက်တစ်ပတ်မှာတော့ “ကျန်းမာရေးနဲ့ညီညွတ်သောထမင်းစားပွဲဝိုင်း” ဆိုတဲ့ ဆောင်းပါးလေးနဲ့ ပြန်လာခဲ့ပါမယ်။ ကောင်းမွန်စွာအိပ်စက်နိုင်ပြီး ကျန်းမာခြင်းသုခကို ရရှိနိုင်ကြပါစေ။

#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #အိပ်၍မရသောဝေဒနာ #ကျန်းမာရေးဆောင်းပါး #Ayeyarwaddy_Times

(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။)