
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၅ ရက်
ဧရာ၀တီတိုင်း၊ သာပေါင်းမြို့နယ်တွင် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအရ လူရှာပေးရန်ပျက်ကွက်သည့် ကျေးရွာအုပ်ချုပ်ရေးမှူးများကို ပြီးခဲ့သည့် ဒီဇင်ဘာ ၁၃ရက်နေ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ခေါ်ယူသတိပေး ခံ၀န်ထိုးခိုင်းကြောင်း သိရသည်။
သာပေါင်းမြို့နယ်တွင် ကျေးရွာအုပ်စု ၇၁ အုပ်စုရှိနေပြီး စစ်မှုထမ်းရန်အတွက် တစ်အုပ်စုအတွက် တစ်လလျှင် အမျိုးသား နှစ်ဦးရှာပေးရန် တောင်းထားသော်လည်း အုပ်ချုပ်ရေးမှူးအချို့သည် စစ်မှုထမ်းအမှတ်စဉ်(၇) အထိ ရှာပေးနိုင်ခြင်းမရှိသောကြောင့် ယခုကဲ့သို့ ခံ၀န်ထိုးရခြင်းဖြစ်ကြောင်း သိရသည်။
“တစ်ချို့ကလည်း လူငှားမယ်ဆိုပြီး ငွေကောက်ထားပေမယ့် လူငှားမရတာနဲ့ကိုယ်ကျိုး သုံးလိုက်တာမျိုးတွေရှိတယ်။ အချို့က မဲနိူက်ပြီးမှ လူထွက်ပြေးလို့ ခုအပါတ်စဥ်အထိ ရှာမပေးနိုင်ဖြစ်နေကြတာတွေ ခေါ်သတိပေးတာလို့ပြောတယ်”ဟု ထွေအုပ်၀န်ထမ်းတစ်ဦးက ဧရာ၀တီတိုင်မ်းကို ပြောသည်။
ပြီးခဲ့သည့် နို၀င်ဘာလနှင့် ယခုလအတွက် စစ်မှုထမ်းဥပဒေအရ လူစုဆောင်းပေးရန် ပျက်ကွက်ခဲ့သော ပုသိမ်မြို့နယ် ဇင်ပြွန်းကုန်းကျေးရွာအုပ်စု ၏ အုပ်ချုပ်ရေးမှူး၊ကြက်ပေါင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ကျုံပျော်မြို့နယ် ကညင်ဆိုင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတို့ကိုလည်း စစ်ကောင်စီက တာ၀န်မှ ရုတ်သိမ်းခဲ့သည်။
လက်ရှိတွင် ဧရာ၀တီတိုင်းအတွင်း စစ်ကောင်စီက အင်အားစုဆောင်းနေပြီး စစ်မှုထမ်းဥပဒေကိုအသုံးပြုကာ ကျေးရွာအုပ်ချုပ်ရေးမှူးများအားဖိအားပေးကာ လူငယ်များကို စစ်သင်တန်းပို့ခြင်းအပြင် လူငယ်အချို့ကို အတင်းအဓမ္မပေါ်တာဆွဲရန် ပြင်ဆင်နေကြောင်း တိုင်းစစ်ကောင်စီနှင့်နီးစပ်သူများထံက သိရသည်။
#သာပေါင်းမြို့နယ် #စစ်မှုထမ်းရန် #လူရှာမပေးနိုင် #ကျေးရွာအုပ်ချုပ်ရေးမှူးများ #ခံ၀န်ထိုးခိုင်း #Ayeyarwaddy_Times