ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၃ ရက်

စစ်ကောင်စီသည် စစ်မှုထမ်းဥပဒေအတွက် တပ်သားသစ်စုဆောင်းရာတွင် အသက်မပြည့် သေးသူများကိုပါ ဖမ်းဆီးစုဆောင်းနေခဲ့ရာ အသက်မပြည့်သေးသူတစ်ဦးအပါအဝင် ဧရာဝတီတိုင်းဒေသခံ လူငယ်နှစ်ဦးမှာ ပြီးခဲ့သည့် ဒီဇင်ဘာ ၈ ရက်နေ့က ပြည်သူ့ရင်ခွင်ထံ ခိုလှုံခဲ့ကြောင်း သိရသည်။

အဆိုပါတပ်သားသစ် လူငယ်နှစ်ဦးအနက် တစ်ဦးမှာ အသက်မပြည့်သေးသည့် ၁၇ နှစ်အရွယ် ညောင်တုန်း ဒေသခံ အောင်ပိုင်(အမည်လွှဲ)ဖြစ်ပြီး ကျန်တစ်ဦးမှာ အသက် ၂၀ အရွယ် လပွတ္တာ ဒေသခံ နိုင်လင်းထက်(အမည်လွှဲ) တို့ဖြစ်ကြောင်း သိရသည်။

အသက် ၁၇ နှစ်အရွယ် အောင်ပိုင်မှာ ပြီးခဲ့သည့် ဩဂုတ်လအတွင်း ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် အလုပ်မှအပြန် ညဘက်တွင် စစ်ကောင်စီတပ်ဖွဲ့များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရကာ လှိုင်သာယာမြို့တော်ခန်းမတွင် ထိန်းသိမ်းထားပြီး ထိုမှတဆင့် ဖျာပုံအခြေစိုက် ခလရ-၉၈ တပ်ရင်းသို့ ပို့ဆောင်ခြင်းခံလိုက်ရကြောင်း သိရသည်။

“ကိုယ့်ကို အဲ့ညတည်းကဆွဲသွားပြီဆိုတော့ သွားပြီးလို့ ကိုယ့်ကို ပြောရမယ်ဆိုရင် သေရဖို့က ၁၀၀ ရာခိုင်နှုန်း၊ ၉၉ ရာခိုင်နှုန်း လောက်ကို သွားနေတယ် သေဖို့ကများနေတယ်။ ကြောက်တော့ကြောက်တာပေါ့ အဲ့လိုပဲ သင်တန်းကျောင်းရောက်တော့ သူငယ်ချင်းနဲ့တိုင်ပင်ထားတယ် ဒီဘက်ကိုဝင်မယ်လို့။ ဘာမှမထူးတော့ဘူးဆိုပြီး သူငယ်ချင်းနှစ် ယောက်တိုင်ပင်ပြီး ထွက်ပြေးတာ” ဟု အသက် ၁၇ နှစ်အရွယ် အောင်ပိုင် က ဧရာဝတီတိုင်းမ်ကို ပြောသည်။

နိုင်လင်းထက်မှာမူ လပွတ္တာမြို့နယ်အတွက် စစ်မှုထမ်းရန် မဲပေါက်၍ တပ်သားသစ်စု ဆောင်းခံရသူတစ်ဦးဖြစ် ကြောင်းလည်း သိရသည်။

အောင်ပိုင်နှင့် နိုင်လင်းထက်တို့မှာ လှည်းကူး၊ ရဲမွန်သင်တန်း ကျောင်းမှ အပါတ်စဉ်-၅ သင်တန်းဆင်းများ ဖြစ်ပြီး ပခုက္ကူအခြေစိုက် အမှတ်(၁၀၁)၊ ခြေမြန်တပ်မဌာနချုပ်သို့ ရှေ့တန်းပို့ဆောင်ခံရပြီးနောက် ခြောက်ရက်အကြာတွင်ပင် ပြည်သူ့ရင်ခွင်နှင့်ချိတ်ဆက်ကာ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံသို့ ထွက်ပြေး ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

‌‌‌‌‌‌‌‌‌‌‌‌စစ်ကောင်စီတပ်အနေဖြင့် ယခုအခါ စစ်မှုထမ်းဥပဒေအကြောင်းပြကာ တပ်သားသစ်စု ဆောင်းခြင်းများကို အပြင်းအထန်ပြုလုပ်နေပြီး ၎င်းတို့ထဲတွင် မှတ်ပုံတင်မရှိသေးသည့် အသက်မပြည့်သေးသော ကလေးများကိုပါ
အသက်ပြည့်မှတ်ပုံတင် အတုလုပ်ပေးကာ ဖမ်းဆီးစုဆောင်းနေကြောင်း သိရသည်။

“စုဆောင်း ရေးတပ်ကို ရောက်ပြီးမကြာခင် ဒေးဒရဲ လဝက ရုံးကိုသွားပြီး သွေးတွေဘာတွေစစ်ပြီး မှတ်ပုံတင်ပါ တစ်ခါထဲရိုက်ပေးလိုက်တယ်။ အသက် ၁၉ နှစ်လို့ထည့်လိုက်တယ်။ မှတ်ပုံတင်မရှိတဲ့သူတွေက သွားလုပ်ရတယ်။ ကျွန်တော်နဲ့တူတူ သုံး လေး ယောက်ရှိတယ်လာလုပ်တာ” ဟု မောင်အောင်ပိုင်က ပြောပြသည်။

ဧရာဝတီတိုင်းတွင် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးများမှ ဦးဆောင်ကာ လူငယ်များကို နေ့စဉ် တပ်သားသစ်စုဆောင်းမှုများပြုလုပ်နေပြီး စုဆောင်းရေးတပ်များမှတဆင့် သက်ဆိုင်ရာ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းသို့ ပို့ဆောင်ကာ သင်တန်းပြီးဆုံးပါက ရှေ့တန်းသို့ ဆက်လက်ပို့ဆောင်နေကြောင်းသိရသည်။

ဓာတ်ပုံ-ဧရာဝတီတိုင်းမ်

#ဧရာဝတီ #စစ်ကောင်စီ #စစ်မှုထမ်း #တပ်သားသစ်စုဆောင်း #ပြည်သူ့ရင်ခွင် #Ayeyarwaddy_Times