ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၄ရက်

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့၌ စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲပြန်လည် ဖြစ်ပွားနေကြောင်း သိရသည်။

တော်လှန်ရေး ပူးပေါင်းတပ်များက အင်းတော်မြို့ကို ပြီးခဲ့သည့် ဒီဇင်ဘာ ၁၁ရက်နေ့က တတိယ အကြိမ်မြောက်အဖြစ် ပြန်လည်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားရာနေရာသို့ ဂျက်ဖိုက်တာနှစ်စင်းဖြင့် လာရောက်ကာ ဗုံး ငါးလုံးကြဲချသွားကြောင်း သိရသည်။

“လေကြောင်းကနေပဲ တိုက်တာ။ စစ်ကြောင်းထိုးဖို့ကလည်း နဘားအထိက တော်လှန်ရေး တပ်တွေ နေရာယူထားတယ်” ဟု ကချင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

အင်းတော်တွင် စစ်ကောင်စီ၏ တပ်စခန်းအားလုံးနီးပါးကို တော်လှန်ရေးတပ်ဖွဲ့များကသိမ်းယူထားပြီး ဒေသအခေါ် ဂျပန်လှိုဏ်ဂူကုန်နှင့်တစ်စပ်တည်းရှိနေသော အင်းတော်မြို့မဘုန်းကြီးကျောင်းတို့တွင်သာ စစ်ကောင်စီတပ်ဖွဲ့များ ကျန်တော့ကြောင်း သိရသည်။

တော်လှန်ရေးပူးပေါင်းတပ်များသည် ပြီးခဲ့သည့် ဩဂုတ် ၁၆ရက်နေ့က အင်းတော်မြို့သိမ်း တိုက်ပွဲစတင်ခဲ့ကာ နိုဝင်ဘာ ၁ရက်နေ့မှ ၅ရက်နေ့အထိ ဒုတိယအကြိမ် ထပ်မံ ထိုးစစ်ဆင်ခဲ့ပြီး ယခုတတိယအကြိမ်မြောက် ထိုးစစ်ကို ဒီဇင်ဘာ ၁၁ရက်နေ့တွင်ပြန်လည်စတင်ခဲ့ခြင်း ဖြစ်သည်။

ပထမအကြိမ်ထိုးစစ်ကတည်းက အင်းတော်မြို့အတွင်းရှိ မြို့မရဲစခန်း ထွေအုပ်ရုံးနှင့် ကသာနှင့် နဘား လမ်းဆုံရှိ တပ်စခန်းများကိုပါ တော်လှန်ရေး တပ်ဖွဲ့များက သိမ်းယူထားနိုင်ပြီးဖြစ်သည်။

မြို့သိမ်းတိုက်ပွဲကို မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ကချင် လွတ်လပ်ရေးတပ်မတော် (KIA)၊ ကချင်ပြည်သူ့ကာကွယ်ရေးတပ် (KPDF) နှင့် အမှတ် (၁) စစ်ဒေသ လက်အောက်ခံ တပ်ရင်းများမှ ပူးပေါင်း တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်စွဲထားရာ‌ နေရာကို ပိတ်ဆို့ တိုက်ခိုက်နေကြောင်း သိရသည်။

#အင်းတော် #စစ်ကောင်စီ #တော်လှန်ရေးတပ် #တိုက်ပွဲပြန်ဖြစ် #Ayeyarwaddy_Times