
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၄ ရက်
စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံပြင်ပသို့ထွက်ခွာ၍ ရွှေ့ပြောင်းအလုပ်လုပ်ကိုင်သူများပြား လာရာ မြန်မာနိုင်ငံရှိအိမ်ထောင်စု ၇ ဒဿမ ၅ ရာခိုင်နှုန်းသည် ပြင်ပရောက်လုပ်သားများ၏ ဝင်ငွေဖြင့် ရပ်တည်နေရကြောင်း သိရသည်။
လက်ရှိဖြစ်ပေါ်နေသော အကျပ်အတည်းကိုဖြေရှင်းရာတွင် အလုပ်အကိုင်ရွှေ့ပြောင်းလုပ်ကိုင်ခြင်းက ဖြေရှင်းနည်းလမ်းတစ်ခုဖြစ်ပြီး ရွှေ့ပြောင်းလုပ်သားများ၏ ပြည်တွင်းသို့ ပြန်ပို့ငွေသည် အိမ်ထော င်စုများ၏ အဓိက ဝင်ငွေရလမ်းဖြစ်ကြောင်း ဒီဇင်ဘာ ၁၂ ရက်နေ့က ထုတ်ပြန်သည့် ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်တွင်ပါဝင်သည်။
“ လတ်တလော ရွှေ့ပြောင်းအလုပ်လုပ်ကိုင်မှုများဖြစ်ပေါ်လာမှုက မြန်မာနိုင်ငံစီးပွားရေးရဲ့ မရေမရာ အနေအထား၊ ပဋိပက္ခနဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေတို့ရဲ့သက်ရောက်မှုတွေကြောင့်ဖြစ်တယ်။ ပြည်ပသို့ ရွှေ့ပြောင်း လုပ်ကိုင်မှုအများစုက အန္တရာယ်ကြားကနေ တရားဝင်မဟုတ်တဲ့ လမ်းကြောင်းတွေကနေ သွားနေကြတာတွေ့ရပါတယ်။ အဲဒီအတွက်ငွေကုန်ကြေးကပိုများတယ်။ တရားဝင်လမ်းကြောင်းကနေ သွားနိုင်ဖို့စီစဉ်ဆောင်ရွက်ပေးဖို့လိုပါတယ်” ဟု ကမ္ဘာ့ဘဏ်၏ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံဆိုင်ရာအစီ အစဉ် ဦးဆောင်သူနှင့် အကြီးတန်းစီးပွားရေးပညာရှင် ကင်မ်အယ်လန်အဒ်ဝပ်က ပြောသည်။
မြန်မာနိုင်ငံမှနေ၍ ထိုင်း၊ မလေးရှားနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်ရာတွင် ပြည်တွင်းထက် လစာထက် နှစ်ဆမှ သုံးဆအတွင်းရရှိပြီး ဂျပန်နှင့် ကိုရီးယားနိုင်ငံထံသွားသူများက ဆယ်ဆ ကျော်ဝင်ငွေရရှိကြောင်း ကမ္ဘာ့ဘဏ်နှင့် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့၏ လေ့လာမှု စစ်တမ်းအရသိရသည်။
“ စစ်ကောင်စီသတ်မှတ်ထားတဲ့အတိုင်း လပြည့်တဲ့အခါလွှဲတယ် (ဂျပန်နိုင်ငံမှလစာပြန်လွှဲ)။ တစ်ခါ လွှဲရင်တော့ သိန်း ၁၀၀ ရတယ်။ သူတို့သတ်မှတ်ထားတဲ့ဘဏ်ကနေလွှဲတာပေါ့။ အိမ်တစ်အိမ်မှာ နိုင်ငံခြားထွက် အလုပ်လုပ်သူ တစ်ယောက်ရှိမှအဆင်ပြေတော့တယ်။ စိုက်ပျိုးရေးကလည်း မကောင်း ဘူး။ အခြားအလုပ်တွေ ကလည်းမကောင်းတော့ နိုင်ငံခြားထွက်ကြတယ်” ဟု ဂျပန်နိုင်ငံတွင် သွားရောက် လုပ်နေသည့် အမျိုးသားတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
လက်ရှိနိုင်ငံခြားထွက်သူများတွင် ဂျပန်နိုင်ငံသည် ဘာသာစကားလိုအပ်ချက်အပြင် သက်ဆိုင်ရာ ကျွမ်းကျင်မှု လက်မှတ်များလိုအပ်ပြီး အလုပ်ခေါ်ယူရာတွင် work visa ထက် training visa ဖြင့်ခေါ်ယူ မှုများကြောင်း၊ ကိုရီးယားနိုင်ငံက ဝင်ငွေပိုကောင်းကာ ဆယ်တန်းအောင်လက်ခံသဖြင့် ပိုကောင်း ကြောင်း ပြင်ပအလုပ်ကိုင် နှင့်နီးစပ်သူ အမျိုးသားတစ်ဦးက ဆိုသည်။
“ အမျိုးသားက စားသောက်ဆိုင်မှာ ဓားကိုင်လုပ်တယ်။ ဆိုင်က တစ်နေ့နှစ်နပ်ကျွေးတော့ လစာက ကျန်တာ။ အမျိုးသားကလည်းဘာမှမသုံးလို့။ မဟုတ်ရင်မလွယ်ဘူး။ ရမ်းဂစ် ၁၀၀၀ လောက်ပဲရတာ။ အခု ငွေဈေးတက်တော့ ဆယ်သိန်းကျော်ရတယ်” ဟု မလေးရှာနိုင်ငံတွင် သွားရောက်လုပ်ကိုင်နေသည့် ရွှေ့ပြောင်းလုပ်သားတစ်ဦဒ၏ ဇနီးသည်က ဧရာ၀တီတိုင်းမ် ပြောသည်။
မြန်မာနိုင်ငံသည် တရားဝင်အလုပ်သမားစေလွှတ်မှုနှင့်ပတ်သက်၍ နားလည်မှုလက်မှတ်ရေးထိုး ထားသည့် နိုင်ငံပေါင်း ၁၆ နိုင်ငံရှိပြီး ယင်းထဲမှ မလေးရှားနိုင်ငံသည် လက်ရှိတွင်လုပ်သား လက်ခံမှုကိုရပ်ဆိုင်းထားသည်။
ထို့ပြင် ထိုင်းနှင့် မလေးရှားနိုင်ငံများတွင် တရားမဝင်နေထိုင်သူများကိုဖမ်းဆီးရာတွင် မြန်မာနိုင်ငံသား ထောင်နှင့်ချီဖမ်းဆီးခံရကြောင်းသိရသည်။
မြန်မာနိုင်ငံတွင် ခန့်မှန်းအိမ်ထောင်စုပေါင်း ၁၃ သန်းနီးပါးရှိကြောင်း စစ်ကောင်စီ၏ ဖော်ပြချက်များ အရ သိရပြီး အဆိုပါ အိမ်ထောင်စုများ၏ ၇ဒဿမ၅ ရာခိုင်နှုန်းမှာ ပြည်ပရောက် မြန်မာလုပ်သားများ၏ ဝင်ငွေဖြင့် ရပ်တည်နေရခြင်းဖြစ်သည်။
ဓာတ်ပုံ-MOI
ပုံစာ- ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် အလုပ်သွားရောက်လုပ်ကိုင်မည့် မြန်မာအလုပ်သမား များကိုတွေ့ရစဉ် (ပုံဟောင်း)
#အိမ်ထောင်စု၇ခိုင်နှုန်းကျော် #ပြင်ပဝင်ငွေမှီခိုရ #worldbank #အစီရင်ခံစာ #Ayeyarwaddy_Times