ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၄ ရက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် စစ်ကောင်စီတပ်က စစ်မှုထမ်းဥပဒေကို အကြောင်းပြကာ လူငယ်များကို ဖမ်းဆီးစစ်ဆေးပြီး ငွေကျပ်သိန်း ၅၀ဖြင့် ရွေးခိုင်းနေကြောင်း ဒေသခံများထံက သိရှိရသည်။

ကလေးမြို့ လမ်းဆုံဘက်တွင် စစ်ကောင်စီတပ်က ယခုရက်ပိုင်းတွင် လမ်းသွားလမ်းလာ လူငယ်များကို ဖမ်းဆီးပြီး တစ်ရက်ကို လူဆယ်ဦးထက်မနည်း ဖမ်းဆီးခံနေရကြောင်း သိရသည်။

“လူဖမ်းပွဲ လုပ်နေသလိုပါပဲ။ ဆိုင်ကယ် နှစ်ယောက်စီးတာဖြစ်ဖြစ်၊ ဦးထုတ် မဆောင်းတာဖြစ်ဖြစ် ဖမ်းတယ်။ အဓိက လူငယ်ယောကျာ်းလေးတွေပေါ့။ ဖမ်းပြီးရင် သိန်းငါးဆယ်နဲ့ ရွေးခိုင်းတယ်။ နောက်တစ်ခါဖမ်းမိရင် စစ်မှုထမ်းခိုင်းမယ်ဆိုပြီး ခံဝန်ကတိထိုးခိုင်းပြီး ပြန်လွတ်ပေးတယ်” ဟု ကလေးမြို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ ဖမ်းဆီးမှုပြုလုပ်ရာတွင် စစ်ကောင်စီတပ်သည် ဆိုင်ကယ်၊ အိမ်စီးကားတို့နှင့် အရပ်ဝတ်ဖြင့် ဝတ်ဆင်ပြီး အုပ်စုလိုက် မြို့ပတ်ကာ လိုက်လံဖမ်းဆီးခြင်းဖြစ်သည်။

ထို့အပြင် စစ်ကောင်စီတပ်က လူငယ်များကို ဖမ်းဆီးစစ်ဆေးရာတွင် ဖုန်းထဲတွင် စစ်ကောင်စီဆန့်ကျင် ရေးထားသည့် စာ၊ ဓာတ်ပုံနှင့် NUG၊ NLD၊ PDF စသည့် အဖွဲ့အစည်းကို ထောက်ခံသည့် စာနှင့် ဓာတ်ပုံတို့ တွေ့ရှိလျင် ဒဏ်ကြေးအဖြစ် ကျပ်တစ်သိန်းမှ ကျပ်ငါးသိန်းကြား တောင်းခံနေကြောင်း သိရှိရသည်။

“ဖုန်ထဲမှာ PDF၊ NUG၊ NLD ဓာတ်ပုံ တွေ့လို့မရဘူး။ ဒဏ်ကြေးဆောင်ခိုင်းထားတယ်။ ပြီးတော့ ကိုယ့်ဖေ့စ်ဘွတ်အကောင့် ဖရင့်ထဲမှာ PDF နဲ့ NUG ပရိုဖိုင် ချိန်ထားတဲ့သူတွေ တွေ့ရင်လည်း ဒဏ်ကြေးဆောင်ခိုင်းတယ်။ NUG ၊ PDF ဖေ့စ်ဘုတ်ပေ့ချ်တွေကို Like ၊ Comments မပေးဖို့လည်း ခြိမ်းခြောက်ပြောဆိုသွားတယ်” ဟု စစ်ဆေးခံခဲ့ရသည့် ကလေးမြို့မှ လူငယ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကလေးမြို့တွင် စစ်ကောင်စီတပ်က နေ့စဥ် လမ်းသွားလမ်းလာ လူငယ်များကို ဖမ်းဆီးစစ်ဆေးမှုတို့ကြောင့် ကုမ္ပဏီနှင့် အရောင်းစျေးဆိုင်တို့တွင် လုပ်ကိုင်နေသည့် လူငယ်အများစု အလုပ်ထွက်ကြသည့်အတွက် လုပ်သားရှားပါးမှုနှင့် ကြုံတွေ့နေရကြောင့် သိရှိရသည်။

ပုံစာ- ကလေးမြို့တစ်နေရာကို တွေ့ရစဥ်။(ပုံအဟောင်း)

#ကလေးမြို့ #စစ်ကောင်စီ #လူငယ်များကိုဖမ်းဆီး #ငွေဖြင့်ပြန်ရွေးခိုင်း #Ayeyarwaddy_Times