ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၄ ရက်

ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ပြီး လက်နက်ခဲယမ်းများပါ ဖြည့်တင်းနေကြောင်း ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ထံက သိရှိရသည်။

မင်းတပ်မြို့တွင် စစ်ကောင်စီတပ်က ယနေ့ ဒီဇင်ဘာလ ၁၄ ရက် မနက် ၅ နာရီအချိန်တွင် ဂျက်ဖိုက်တာတစ်စီးဖြင့် မြို့တွင်း လေကြောင်း တိုက်မှုပြုလုပ်သွားပြီးနောက် ခလရ ၂၇၄ တပ်ရင်းတွင် လက်နက်ခဲယမ်းများဖြည့်တင်းသွားခြင်းဖြစ်သည်။

“မင်းတပ်မှာ တိုက်ပွဲက နေ့တိုင်းရှိသလို စစ်ကောင်စီကလည်း လေကြောင်း တိုက်ခိုက်မှု နေ့တိုင်းပြုလုပ်တယ်။ ဒီနေ့မနက်လည်း စစ်ကောင်စီတပ်က မြို့ထဲတစ်နေရာမှာ လေကြောင်းတိုက်ခိုက်မှု တစ်ကြိမ်ပြုလုပ်သွားတယ်။ ထိခိုက်ပျက်စီးမှုရှိနိုင်ပေမယ့် အသေးစိတ်မသိရသေးဘူး” ဟု ရှေ့တန်းစစ်ရေးသတင်းအရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယမန်နေ့ ဒီဇင်ဘာ ၁၃ ရက်နေ့ကလည်း စစ်ကောင်စီတပ်က လေကြောင်းဖြင့် ခလရ ၂၇၄ တပ်ရင်းကို ရိက္ခာများချပေးသလို မင်းတပ်မြို့ရှိ ဌာနဆိုင်ရာရုံးရှိ ဝန်ထမ်းများကိုလည်း စားနပ်ရိက္ခာများ ချပေးနေကြောင်း သိရှိရသည်။

မင်းတပ် မြို့တွင်း တိုက်ပွဲ အချိန်ကြာလာသာ်နှင့်အမျှ စစ်ကောင်စီတပ်နှင့် ချင်းညီနောင်မဟာမိတ်ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲအရှိန် ပိုပြင်းထန်လာကြောင်း သိရှိရသည်။

ထို့အပြင် တိုက်ပွဲအရှိန်မြင့်လာခြင်းနှင့်အတူ စစ်ကောင်စီတပ်က တိုက်ပွဲတွင် လေကြောင်း အသုံးပြုပြီး တိုက်ခိုက်မှုပိုမိုပြုလာသည်။

ယခုရက်ပိုင်းတွင်း မင်းတပ်မြို့နယ်တွင် ပျံသန်းသည့် ဂျက်ဖိုက်တာများသည် အသံမကြားရအောင် အမြင့်ပေမြင့် ပျံခြင်း၊ ဖြတ်သန်းသွားလာနေကျနေရာများမှ မဖြတ်သန်းတော့ဘဲ လမ်းသစ်များဖြင့် လာရောက်ဗုံးကြဲတိုက်နေသည်ဟု ဆိုသည်။

“အရင်က လေယာဥ်လာပြီဆိုရင် နီးနီးလေးကနေ ပျံသန်းပြီး ဗုံးကြဲတယ်။ အခုက အဲလိုမဟုတ်တော့ဘူး။ အသံသိပ်မကြားရအောင် အမြင့်ကြီးကနေပျံပြီး အလစ်ငိုက် ဗုံးကြဲတယ်။ ပြီးတော့ လာနေကျ မြို့ရွာတွေကနေမလာဘဲ လမ်းအသစ်တွေကနေ လာတယ်” ဟု ရှေ့တန်းစစ်ရေးသတင်းအရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

မင်းတပ်မြို့သိမ်း တိုက်ပွဲကို ချင်းကာကွယ်ရေးတပ်-မင်းတပ်ပါဝင်သည့် ချင်းညီနောင်အဖွဲ့က ပြီးခဲ့သည့် နိုဝင်ဘာ ၉ ရက်နေ့မှစ၍ စတင်တိုက်ခိုက်ခဲ့ပြီး ယနေ့ထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်သည်။

ထို့အပြင် ချင်းညီနောင်အဖွဲ့၏ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေသည့် ဖလမ်းမြို့ တိုက်ပွဲလည်း ပြင်းထန်နေဆဲဖြစ်သည်။

#မင်းတပ်မြို့ #စစ်ကောင်စီတပ် #လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက် #လက်နက်ခဲယမ်းများဖြည့်တင်းနေ #Ayeyarwaddy_Times