နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၄ ရက်

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် (၇၇)နှစ်မြောက် လေတပ်နှစ်ပတ်လည်နေ့ တက်ရောက်ရန်အတွက် မိတ္ထီလာမြို့ရှိ လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ် (ရှမ်းတဲ)ကို ယနေ့ ဒီဇင်ဘာ ၁၄ ရက်နေ့က ရောက်ရှိနေကြောင်း တပ်တွင်းနှင့် CDM အရာရှိများထံက သိရသည်။

အဆိုပါ လေတပ်နှစ်ပတ်လည်နေ့ကို နှစ်စဉ်ဒီဇင်ဘာ ၁၅ ရက်တွင် ပုံမှန်ပြုလုပ်လေ့ရှိပြီး ထိုအတွက် လုံခြုံရေးဆိုင်ရာများ ကြိုတင်ပြင်ဆင်ခဲ့ကာ လက်ရှိတွင် ရောက်ရှိနေပြီဖြစ်သလို ၎င်းခရီးစဉ်မှာ ဒီဇင်ဘာ ၁၄ ရက်မှ ၁၆ ရက်ထိ ကြာမြင့်မည်ဖြစ်ကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။

“မနက်ဖြန်မှာ ပြုလုပ်မယ့် (၇၇)နှစ်မြောက် လေတပ်ပွဲကို သူ(စစ်ခေါင်းဆောင်)တက်ဖို့ ဒီနေ့ကိုပဲ ရောက်နေပြီ၊ သေချာသွားပြီ” ဟု စစ်ရေးဆိုင်ရာ စောင့်ကြည့်ရေးသားနေသူ CDM ဗိုလ်ကြီး ဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယခုနှစ် (၇၇)နှစ်မြောက် လေတပ် နှစ်ပတ်လည်နေ့တွင်လည်း စစ်ရေးပြ အခမ်းအနားအပါအဝင် FTC-2000G ဘက်စုံသုံးအပေါ့စား တိုက်ခိုက်ရေးလေယာဉ်၊ Mi-17 ရဟတ်ယာဉ်၊ သယ်ယူ ပို့ဆောင်ရေးလေယာဉ် (Y-8 F200WB)တို့ တပ်တော်ဝင်မည်ဖြစ်ကြောင်း သိရသည်။

“ဒီနှစ်ကတော့ FTC-2000G ခြောက်စင်းနဲ့ Y-8 F200WB တစ်စင်းရယ်၊ Mi-17 အသစ်တွေ ရောက် ထားတာ ရှိတယ်လို့ သိရတယ်။ အဲဒါတွေ တပ်တော်ဝင်မှာ၊ ကျန်တာတွေတော့ မသိရသေးဘူး” ဟု လေတပ် CDM တပ်ကြပ်ကြီး ဇေယျက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊ ရှမ်းတဲကျေးရွာအနီးရှိ လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ် (ရှမ်းတဲ)တွင် နှစ်စဉ်နှစ်တိုင်း လေတပ်နှစ်ပတ်လည်နှင့် တပ်တော်ဝင် အခမ်းအနားများ ပြုလုပ်လေ့ ရှိသော်လည်း ယမန်နှစ်တွင်မူ နေပြည်တော်၌ အကျဉ်းရုံးလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် လေတပ်နှစ်ပတ်လည်နေ့အတွက် ယမန်နေ့ ဒီဇင်ဘာ ၁၃ ရက် ညနေကတည်းက အင်အားအပြည့်ပါသော ကားကြီး ၁၅ စီး၊ ကာသေး ၃၂ စီးဖြင့် ဝမ်းတွင်း‌ဘက်မှ ထွက်ခွာသွားပြီး လမ်းလျှောက်တွင်လည်း ကားပေါ်များမှစနိုက်ဘာဖြင့် ချိန်ထိုးထားကြောင်း ဒေသခံများထံက သိရသည်။

စစ်ခေါင်းဆောင်၏ ၃ ရက်တာ ထိုခရီးစဉ်အတွင်း မိတ္ထီလာမြို့ရှိ စစ်တပ်ပိုင် ချည်စက်ရုံ(ပုဆိုး) ဖွင့်ပွဲကိုလည်း တက်ရောက်မည်ဟု တပ်တွင်းနှင့် CDM အရာရှိများ၏ ပြောပြချက်အရ သိရှိ ရသော်လည်း မည်သည့်ရက်တွင် နတက်ရောက်မည်ကိုမူ ဧရာဝတီတိုင်းမ် သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

တော်လှန်ရေး အင်အားစုများသည် ပြီးခဲ့သည့် နိုဝင်ဘာက လေကြောင်းအတတ်သင် လေတပ်စခန်း ဌာနချုပ် (ရှမ်းတဲ)ကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ပြီး အဆိုပါလေတပ်ဌာနချုပ်သည် မကွေး၊ စစ်ကိုင်း၊ မန္တလေး မတ္တရာနှင့် ရှမ်းမြောက် နောင်ချိုမြို့နယ်များကို လေကြောင်းမှ ပစ်ခတ်မှုများ ပြုလုပ်သည့် လေတပ်စခန်း တစ်ခုဖြစ်ကြောင်း သိရသည်။

ပုံစာ- နေပြည်တော်တွင် ကျင်းပသည့် (၇၆)နှစ်မြောက် လေတပ်နှစ်ပတ်လည်နေ့အထိမ်းအမှတ်တွင် တွေ့ရသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
#လေတပ်နှစ်ပတ်လည်နေ့ #ရှမ်းတဲလေတပ်စခန်း #စစ်ခေါင်းဆောင်ရောက်ရှိ #လေယာဉ်အသစ်အချို့ #တပ်တော်ဝင် #Ayeyarwaddy_Times