
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၄ ရက်
ဧရာဝတီတိုင်း၊ င်္ဟသာတမြို့တွင် စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့ပူးပေါင်းကာ ဒေသခံ လူငယ်များကို လိုက်လံဖမ်းဆီးပြီး အဓမ္မ ပြည်သူ့စစ်မှုထမ်းဆောင်ခိုင်းနေကြောင်း ဒေသခံများထံက သတင်းရရှိသည်။
စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်နှင့် ရာအိမ်မှူး ဦးအေးနိုင်တို့သည် ဟင်္သာတမြို့၊ ဇကာတန်းရပ်ကွက်တွင်နေထိုင်ကာ ရပ်ကွက်အတွင်းရှိ လူငယ်များကို ပြည်သူ့စစ်မှုထမ်း မဲပေါက်သည်ဟု ပြောဆိုကာ နေအိမ်
အတွင်း ဝင်ရောက်ဖမ်းဆီးနေခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။
“တစ်နေ့ကဆိုရင် ဇကာတန်းမှာ ကလေးသုံးယောက်လောက်ပါသွားတယ်၊ အခုထိ အဆက်သွယ်မရသေးဘူး။ ဆင်းရဲတဲ့မိသားစုတွေကြတော့လည်း ပြန်မရွေးနိုင်ကြဘူး၊ ခုဆို အဲ့ဒီ ကလေးတွေရဲ့ မိသားစုတွေလည်း စိတ်ဆင်းရဲနေကြတယ်”ဟု ဇကာတန်းရပ်ကွက်ရှိ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်သည် ပြီးခဲ့သည့် နိုဝင်ဘာလကလည်း online မှတဆင့် စာသင်ကြားနေသည်ဟုဆိုကာ CDM ဆရာမတစ်ဦးကိုဖမ်းဆီးခဲ့သည့်အပြင် ကျောင်းဆရာကြီးတစ်ဦးကိုပါ ထပ်မံဖမ်းဆီးခဲ့ကြောင်း ဒေသခံများကပြောသည်။
ဧရာဝတီတိုင်းရှိ စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးအများစုသည် ၎င်းတို့နှင့် အဆင်မပြေသူများ၊ ငွေကြေးမပြည့်စုံသည့် အသက် ၁၈နှစ်မှ ၃၅နှစ်အတွင်းရှိသည့် ဒေသခံလူငယ်အများစုကို မဲဖောက်ခြင်းအပြင် ဖမ်းဆီးခြင်းများပါ ပိုမိုလုပ်ဆောင်လာကြပြီး ပြည်သူ့စစ်မှုထမ်းသင်တန်းသို့ အဆက်မပြတ်ပို့ဆောင်နေကြောင်း ဒေသခံများကဆိုသည်။
ဧရာဝတီတိုင်းအတွင်းမှ ပြည်သူ့စစ်မှုထမ်းအများစုမှာ စစ်သင်တန်းပြီးဆုံးသည့်နောက် စစ်ကောင်စီတပ်အင်အားချိနဲ့နေသည့် ရခိုင်ပြည်နယ်သို့ အများစု ပို့ဆောင်ခံနေရပြီး တိုက်ပွဲအတွင်း သေဆုံးမှုအများအပြားရှိနေကြောင်း ဒေသခံများကပြောသည်။
ဧရာဝတီတိုင်းမှ ရခိုင်ပြည်နယ်သို့ ပို့ဆောင်ခံရသည့် ပြည်သူ့စစ်မှုထမ်းအချို့မှာ ယနေ့အချိန်ထိ မိသားစုများနှင့် အဆက်အသွယ်ပြတ်တောက်နေ၍ မိဘဖြစ်သူများ စိုးရိမ်းနေကြောင်း ပြည်သူ့စစ်မှုထမ်းတစ်ဦး၏ မိသားစုဝင်တစ်ဦးကပြောသည်။
ဓာတ်ပုံ-စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်
#ဟင်္သာတ #စစ်ကောင်စီခန့် #ရပ်ကွက်အုပ်ချုပ်ရေးမှူး #ရာအိမ်မှူး #လူငယ်များကိုလိုက်လံဖမ်းဆီး #ပြည်သူ့စစ်မှုထမ်း #Ayeyarwaddy_Times