ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၄ ရက်

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ထံမှ ထောက်ပံကြေးရယူ ဆက်သွယ် နေသည်ဟု စွပ်စွဲကာ ဧရာဝတီတိုင်း ၊ ဟင်္သာတမြို့နယ်အတွင်းမှ CDM ပြုလုပ်ထားသောဆရာ၊ ဆရာမများကို ဒီဇင်ဘာ ဒုတိယပတ်အတွင်း ဆက်တိုက်ဖမ်းဆီးနေကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာလ ၁၀ ရက်နေ့က ဟင်္သာတမြို့ စက်မှုအထက်တန်းကျောင်းမှ CDM ပြုလုပ်ထားသော ကထိက ဦးကြည်ဝင်းနှင့် ဆရာမ ဒေါ်တိုးတိုးဝင်းတို့နှစ်ဦးအား နေအိမ်တွင်လာရောက်ဖမ်းဆီးသွားကြောင်း သိရှိရသည်။

“စစ်သားတွေ ရဲတွေနဲ့လာဝိုင်းတာ လက်ထိပ်ခတ်ပြီး ခေါ်သွားတာတွေ့တယ်။ သူတို့က NUG နဲ့ ချိတ်ဆက်ပြီး အလုပ်လုပ်နေတယ်လို့ စွပ်စွဲတယ်လို့ပြောတယ်။CDM လုပ်ထားလို့ စောင့်ကြည့်နေပြီး အခွင့်ကြုံလို့အမှုဆင်ပြီး ဖမ်းတာလို့ ထင်တာပဲ” ဟု ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ဆရာဦးကြည်၀င်းနှင့် ဆရာမ ဒေါ်တိုးတိုး၀င်းတို့ကို ဖမ်းဆီးပြီးနောက်ပိုင်း ဟင်္သာတမြို့နယ်အတွင်းမှ CDM ဆရာမ လေးဦး ဆက်တိုက်ဖမ်းဆီးခံခဲ့ရကြောင်း ရဲတပ်ဖွဲနှင့်နီးစပ်သူများထံမှ သိရှိရသည်။

လက်ရှိတွင် ဖမ်းဆီးထားသော CDMဆရာ၊ ဆရာမများကို ဟင်္သာတမြို့မ ရဲစခန်းတွင် ထားရှိပြီး ယနေ့အချိန်ထိ မိသားစုနှင့်တွေ့ခွင့်မရ​သေးကြောင်း သိရှိရသည်။

#ဟင်္သာတမြို့ #CDM #ကျောင်းဆရာ #ဆရာမများ #ဖမ်းဆီးခံရ #အမျိုးသားညီညွတ်ရေးအစိုးရ #NUG #Ayeyarwaddy_Times