
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၃ ရက်
ဂွမြို့နယ်ရှိ စစ်ကောင်စီတပ်များကို အာရက္ခတပ်တော် (AA)က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲမှာ ဂွမြို့နှင့် မိုင်အနည်းငယ်အကွာသို့ရောက်ရှိလာပြီး စစ်ရေးပြင်ဆင်မှုများနှင့် ငွေကြေးရွှေ့ပြောင်းမှု များကိုပါ စစ်ကောင်စီက လုပ်ဆောင်လာကြောင်း သိရသည်။
စစ်ကောင်စီသည် ဂွမြို့ရှိ စီးပွားရေးဘဏ်မှ ငွေကြေးများကို ယခု ဒီဇင်ဘာ ဒုတိယပတ်အတွင်း ကစတင်၍ ခမရ ၅၆၂ အတွင်းသို့ သယ်ယူပြောင်းရွှေ့ထားလိုက်ပြီဖြစ်ကြောင်း သိရသည်။
“ဘဏ်ကငွေတွေရော၊ ရွှေချောင်းတွေပါရွှေ့တယ်။ တပ်ထဲကို လုံခြုံရေးအပြည့်နဲ့ရွှေ့သွားတယ်။ ဧရာဝတီတိုင်းထဲပို့မယ့် ပုံပေါ်တယ်” ဟု ဂွဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၁၁ ရက်နေ့က ဂွမြို့နှင့် မိုင်အနည်းငယ်သာကွာသည့် စည်ပင်ရွာနှင့် ကျောက်ကြီးရွာ တို့တွင် စစ်ကောင်စီနှင့် AAတို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်။
ထို့ပြင် ရဟိုင်းကွင်းနှင့် ရွှေနန်းခိုင်စေတီအနီး၌လည်း တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီက လေကြောင်းမှ အဆိုပါနေရာများကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
တိုက်ပွဲအတွင်းစစ်ကောင်စီဘက်မှ ဒဏ်ရာရရှိသူ ၁၀၀ခန့်ကို ခမရ ၅၆၂ မှတစ်ဆင့် ဧရာဝတီတိုင်း ငသိုင်းချောင်းမြို့သို့ ပို့ဆောင်ခဲ့ပြီး တိုက်ပွဲ ဂွမြို့နှင့်အလွန်နီးကပ်လာ၍ စစ်ကောင်စီက မြို့အတွင်း လုံခြုံရေးတိုးချဲ့ချထားပြီး မြို့၏ လမ်းဆုံလမ်းခွနှင့် မြို့အတွင်း တင့်ကား၊ သံချပ်ကာကားများဖြင့် အင်အားပြနေကြောင်း သိရသည်။
ဂွမြို့ခံအများစုမှာ လက်ရှိတွင် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းအတွင်း စစ်ဘေးရှောင်နေကြပြီး မြို့အတွင်း၌ အိမ်စောင့်အဖြစ်နေထိုင်သည့် ဒေသခံအချို့သာ ကျန်ရစ်တော့ကြောင်း သိရသည်။
စစ်ကောင်စီသည် ယခုရက်ပိုင်းအတွင်း မောင်တောရှိ နောက်ဆုံးလက်ကျန် နယ်ခြားစောင့်စခန်း (နခခ ၅) မြို့သူကြီး ကို ဆုံးရှုံးလိုက်ရသည့်အပြင် တောင်ကုတ် စကခ- ၅၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (အမ်း- နပခ) တို့ကိုပါ ပိတ်ဆို့တိုက်ခိုက်ခံနေရပြီး ဂွမြို့မှာလည်း အပြင်းအထန် ခုခံနေရသည့်ကြားက တပ်ဆုတ်နေရကြောင်းသိရသည်။
ပုံစာ- လွယ်ဂျယ် ခလရ ၁၄၂မှသိမ်းဆည်းရမိသည့်ငွေထုတ်များ
#ဂွ #စစ်ကောင်စီ #စီးပွားရေးဘဏ် #ခမရ၅၆၂ #ငွေကြေးရွှေ့ပြောင်း #Ayeyarwaddy_Times