
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၃ ရက်
ဧရာ၀တီတိုင်း၊ ကျုံပျော်မြို့နယ်တွင် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအရ လူရှာပေးရန် ပျက်ကွက်သည်ဟုဆိုကာ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကို ဒီဇင်ဘာ ၁၁ ရက်နေ့က အနားပေးလိုက်ကြောင်း သိတင်းရရှိသည်။
ကျုံပျော်မြို့နယ် ကညင်ဆိုင်ကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးမြင့်ဇော်ဦးကို မြို့နယ်စစ်ကောင်စီက တာ၀န်မှ ရပ်နားလိုက်ပြီး အခြားသူတစ်ဦးကို အစားထိုးခန့်အပ်လိုက်ခြင်း ဖြစ်သည်။
“သူလဲကျေးရွာအုပ်စုတွင်းမှာ စစ်မှုထမ်းအစားထိုးငှါးဖို့အတွက် ငွေကောက်ပြီး လူရှာမပေးနိုင်တော့ ဖြုတ်လိုက်တာ။ စစ်တပ်က ခုချိန်မှာအင်အားအရမ်းလိုနေတာ နောက်ပြီးတစ်ခြားအကြောင်းတွေလဲပါမှာပေါ့” ဟု မြို့နယ်ထွေအုပ်၀န်ထမ်းတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
လက်ရှိတွင် ကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ် ကြံ့ခိုင်ရေးပါတီ၀င် ဦးအောင်ခိုင်ဆိုသူအားအစားထိုးခန့်အပ်လိုက်ပြီး အဆိုပါအုပ်ချုပ်ရေးမှူးအသစ်မှာ စတင်တာ၀န်ထမ်းဆောင်သည့် ရက်ပိုင်းအတွင်းမှာပင် စစ်ကောင်စီတပ် ခလရ(၃၆)မှ စစ်သားများကို ကျေးရွာအတွင်း တပ်စွဲရန် ခေါ်ဆောင်လာကြောင်း ဒေသခံများကပြောသည်။
ပြီးခဲ့သည့် နို၀င်ဘာလအတွင်းကလည်း စစ်မှုထမ်းဥပဒေအရ လူစုဆောင်းပေးရန် ပျက်ကွက်ခဲ့သော ပုသိမ်မြို့နယ် ဇင်ပြွန်းကုန်းကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးဝေကျော်မိုးနှင့် ကြက်ပေါင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်မိုးတို့ နှစ်ဦးကိုလည်း စစ်ကောင်စီက တာ၀န်မှ ရုတ်သိမ်းခဲ့သည်။
#ကျုံပျော်မြို့နယ် #စစ်မှုထမ်းရန် #လူရှာမပေးနိုင်သော #ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကို #အနားပေး
#Ayeyarwaddy_Times