
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၃ ရက်
နိုင်ငံခြားငွေလိုအပ်သော စစ်ကောင်စီက နိုင်ငံခြားငွေများ တိုက်ရိုက်ဝင်ရောက်ရန်အတွက် ပြည်ပရောက်နိုင်ငံသားများ၏ လစာငွေ ၂၅ ရာခိုင်နှုန်း ငွေလွှဲဝင်ရန်အတွက် တရားဝင်ငွေလွှဲလုပ်ငန်းများကို ခွင့်ပြုပေးလျက်ရှိကြောင်း သိရသည်။
ယမန်နှစ်ထိငွေလွှဲလုပ်ငန်း ၁၄ ခုရှိကာ ယခုနှစ်တွင် ပြည်ပငွေလွှဲလုပ်ငန်းနှစ်ခုဖြစ်သည့် 1-2-1 Public ကုမ္ပဏီနှင့် Dazzling Ray ကုမ္ပဏီတို့ကိုခွင့်ပြုပေးခဲ့ကြောင်းသိရသည်။
စစ်ကောင်စီလိုင်စင်ချပေးထားသော ငွေလွှဲလုပ်ငန်းစုစုပေါင်း ၁၆ ခုသည် ပြည်ပအလုပ်အကိုင်များ အကျိုးဆောင် လိုင်စင်ရအေဂျင်စီမှတဆင့်သွားရောက်သော နိုင်ငံ ၁၆ နိုင်ငံကို အသီးသီးခွဲယူရထားကြောင်း သိရသည်။
“အဲဒီဟာက အလုပ်သမားအေဂျင်စီနဲ့ ငွေလွှဲလုပ်ငန်းတစ်ခါတည်းချိတ်လိုက်တဲ့သဘောပါ့။ အရင်က နီးစပ်ရာလွှဲကြတာပဲ။ အခုကမရဘူး။ MOU နဲ့သွားမယ်ဆိုကတည်းက မိသားစုနဲ့ဘဏ်မှာ အကောင့်အတူ ဖွင့်တာတို့လုပ်ကြတယ်။ နိုင်ငံခြားရောက်ပြီးလို့ ငွေလွှဲစလစ် ပြန်ပေးရတာတို့ရှိတယ်” ဟု ပြည်ပအလုပ်အကိုင်အေဂျင်စီနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်တွင် တရားမဝင်ငွေလွှဲလုပ်ငန်း ( ဟွန်ဒီ) ကနေမလွှဲဘဲ တရားဝင်ငွေလွှဲလုပ်ငန်းကနေလွှဲရန်အတွက် 2C2P Plus နှင့် OK Zune ကဲ့သို့သော ငွေလွှဲလုပ်ငန်းများရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။
မြန်မာနိုင်ငံနှင့်တရားဝင်အလုပ်သမားပို့ခွင့်စာချုပ်ချုပ်ဆိုထားသည့်နိုင်ငံများတွင် မလေးရှား၊ ဂျပန်၊ စင်ကာပူ၊ ထိုင်း၊ ကာတာ၊ ယူအေအီး၊ ဂျော်ဒန်၊ ကူဝိတ်၊ တူရကီ၊ ဟန်ဂေရီ၊ ကိုရီယား၊ လာအို၊ ဘရူးနိုင်း၊ တရုတ်၊ အယ်လ်ဘေးနီးယားနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ပါဝင်ကြောင်း စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနထံမှ သိရသည်။
ပြီးခဲ့သည့်နှစ်မှစတင်ကာ ပြည်ပရောက် အလုပ်သမားများသည် ဝင်ငွေအမျိုးအစား၊ လစာ၊ အသက်မွေးဝမ်းကျောင်းနှင့်စီးပွားရေးလုပ်ငန်းအမျိုးအစားပေါ်မူတည်ပြီး ဝင်ငွေခွန်အနည်းဆုံး နှစ်ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိပေးဆောင်ရန် စစ်ကောင်စီက ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#ပြည်ပရောက်အလုပ်သမား #ဝင်ငွေ၂၅ရာခိုင်နှုန်း
#စစ်ကောင်စီငွေလွှဲလုပ်ငန်းချပေး #Ayeyarwaddy_Times