နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၂ ရက်

လာမည့် ၂၀၂၅ ခုနှစ်အတွင်း ရုရှားနိုင်ငံ၊ ကာလ်မီးကီယာပြည်နယ်တွင် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာဖိုရမ် အောင်မြင်စွာ ကျင်းပနိုင်ရေး မြန်မာနိုင်ငံမှ ကူညီပေးမည်ဖြစ်ကြောင်း ယင်းပြည်နယ် အကြီးအကဲနှင့် တွေ့ဆုံစဉ် စစ်ရှုံးစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့ကြောင်း သိရသည်။

နေပြည်တော်ကို ရောက်ရှိနေသည့် ရုရှားနိုင်ငံ၊ ကာလ်မီးကီယာပြည်နယ် အကြီးအကဲဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ဒီဇင်ဘာ ၁၀ ရက်က တွေ့ဆုံစဉ် စစ်ခေါင်းဆောင်က ထိုသို့ပြောဆိုခဲ့သလို ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာဖိုရမ်ကို ကာလ်မီးကီယာပြည်နယ်၌ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာတွင် (၃)ကြိမ်မြောက် ကျင်းပမည်ဖြစ်ပြီး ထိုအတွက် ပူးပေါင်းကူညီပေးနိုင်ရေး စစ်ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် ဦးဆောင်အဖွဲ့ကလည်း သီးခြားတွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့အပြင် မြန်မာနိုင်ငံနှင့် ကာလ်မီးကီယာပြည်နယ်တို့အကြား ကိုးကွယ်ယုံကြည်မှု၊ စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်၍ ခရီးသွားလုပ်ငန်း၊ ပညာရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်း များအား ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ရေးအပြင် လေကြောင်းခရီးစဉ်များ ပျံသန်းပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက်ပိုင်း ရုရှားနိုင်ငံနှင့် နိုင်ငံရေး၊ စစ်ရေး၊ နည်းပညာ၊ စီးပွါးရေးအပါအဝင် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများသည် ယခင်ကထက် ပိုမိုတိုးမြှင့်လာသလို လာမည့် ဇန်နဝါရီတွင်လည်း ရန်ကုန်မြို့၌ ရုရှား အော်သိုဒေါက် ဘုရားကျောင်း တည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။

အလားတူ ရုရှားနိုင်ငံ၌ ဗုဒ္ဓဘာသာစင်တာ တည်ဆောက်နိုင်ရန် စစ်ခေါင်းဆောင်က ကြိုးပမ်းနေသလို မြန်မာနိုင်ငံတွင်လည်း ၎င်းတို့အာဏာ တည်မြဲစေရေးအတွက် ရဟန်းသာမဏေများအားလုံး ထောက်ခံ ပေးရန်နှင့် မလိုက်နာပါက အာဏာ စက်ဖြင့် ဖမ်းဆီးအရေးယူမည်ဟု ခြိမ်းခြောက်ထားကြောင်း သိရသည်။

ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီး၌ ပြီးခဲ့သည့် နိုဝင်ဘာ နောက်ဆုံးပတ်က ကျင်းပခဲ့သည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (မဟန)၏ အဋ္ဌမအ ကြိမ်မြောက် ၄၇ ပါးစုံညီ အဋ္ဌာရသမ အစည်းအဝေးတွင် စစ်ကောင်စီ ဝန်ကြီးက ထိုကဲ့သို့ လျှောက်ထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် ရဟန်းသံဃာများအား အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ကျောင်းတိုက်များကို သူပုန်စခန်းပမာ သေနတ်ပစ်ဖောက် ဝင်ရောက်စီးနင်းခြင်းတို့ လုပ်ဆောင်နေ သော်လည်း တစ်ဖက်တွင်မူ ဘာသာသာသနာကို ကာကွယ်စောင့်ရှောက်နေဟန် ဝါဒဖြန့်လျက်ရှိသည်။

ယင်းအပြင် ၎င်းတို့အား ထောက်ခံသော ဘာသာရေး အစွန်းရောက်များကို ဆန္ဒပြပွဲများ ပြုလုပ်ရန် အမိန့်ပေးခိုင်းစေရုံသာမက လက်နက်ကိုင်ခွင့်လည်း တရားဝင်ခွင့်ပြုကာ စစ်အာဏာရှင်အဆက်ဆက် ပြုလုပ်နေကျ ဘာသာရေးပဋိပက္ခများ ပုံဖော်ဖန်တီးနေကြောင်း သိရသည်။

ဓာတ်ပုံ- စစ်ကောင်စီ
#၂၀၂၅ #ရုရှားနိုင်ငံ #အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာဖိုရမ် #ကျင်းပနိုင်ရန် #စစ်ခေါင်းဆောင် #ကူညီပေးမည် #Ayeyarwaddy_Times