ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၂ ရက်

နှစ်စဉ် ဒီဇင်ဘာတွင် ကျင်းပလေ့ရှိသည့် မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိ စစ်ကောင်စီလက်အောက်ခံ စစ်တက္ကသိုလ် (DSA) နှင့် တပ်မတော်နည်းပညာတက္ကသိုလ် (DSTA) သင်တန်းဆင်းပွဲကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လာရောက်မည်ဖြစ်သောကြောင့် မြို့တွင်းရှိလမ်းဘေး ဈေးဆိုင်နှင့် ဈေးသည်များ ၁၀ ရက်စျေးမရောင်းရန် စစ်ကောင်စီက ပိတ်ပင်ထားကြောင်း သိရသည်။

စစ်ကောင်စီလက်အောက်ခံ တပ်မတော်နည်းပညာတက္ကသိုလ် ( DSTA) ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၂၆) သင်တန်း ဆင်းပွဲကို ယနေ့ ဒီဇင်ဘာ ၁၂ ရက်နေ့တွင် ကျင်းပနေကြောင်း မြို့ခံများထံက သိရသည်။

အဆိုပါ စစ်သင်တန်းကျောင်း နှစ်ကျောင်း သင်တန်းမဆင်းမီ ၁၀ ရက်အတွင်း ပြင်ဦးလွင်မြို့တွင်း အပါအဝင် အနီးပတ် ဝန်းကျင်တွင်ရောင်းချသော ရှမ်းအစားအစာဆိုင်များ၊ သစ်သီးဆိုင်များ၊ အကြော် ဆိုင်များနှင့် လမ်းဘေးဆိုင်များပိတ်ထားရပြီး မြို့တွင်းသွားလာမှုအတွက်လည်း လမ်းပိတ်ထားသည်။

“ ဒီနှစ်မှလမ်းကြိုပိတ်တာ။ အရင်က အဲဒီလိုမဟုတ်ဘူး။ ကျောင်းဆင်းခါနီးနေ့မှ လမ်းပိတ်ပြီးတော့ ဈေးသည်တွေကိုမထွက်ခိုင်းတာ။ ဒီနှစ်ကျတော့ သင်တန်းဆင်းပွဲမစခင်ကတည်းက ၁၀ ရက် ဈေးသည် တွေ မထွက်ရဘူးလို့ ကြိုပိတ်လိုက်တာ။ ပွဲစတဲ့နေ့ဆို မနက်နဲ့ ညနေအထိ လမ်းပိတ်ထားတယ်။ သင်တန်းကျောင်းနေရာကော မြို့ထဲနေရာပါ။ ဈေးသည်တွေအခက်အခဲဖြစ်တာပေါ့ ” ဟု ပြင်ဦးလွင်မြို့ခံ အိမ်ရှင်မတစ်ဦးက ဆိုသည်။

ထို့ပြင် မန္တလေး – လားရှိုးလမ်းပေါ် ရေငယ်လမ်းဆုံမှ ပြင်ဦးလွင်မြို့ဆီသွားရာလမ်းနှင့် အနီးစခန်းမှ ပြင်ဦးလွင်မြို့ထဲသို့ဝင်ရာ လမ်းကြောင်းကိုပိတ်ထားခြင်းဖြစ်၍ ကျောင်းတက်၊ ရုံးသွားသူများအလုပ် အကိုင်ပျက်ရကြောင်း မြို့ခံတစ်ဦး ဆက် လက် ပြောကြားသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်တက္ကသိုလ် ကျောင်းဆင်းပွဲအခမ်းအနားပွဲနှင့် ညစာစားပွဲ များတွင် ကျောင်းသားမိဘများ တက်ရောက်ရခြင်းမရှိဘဲ ကျောင်းဆင်းပြီးမှသာ တွေ့ဆုံဓာတ်ပုံ ရိုက်ရကြောင်း သိရသည်။

“စစ်ကောင်စီဝန်ထမ်းတစ်ဦးရဲ့ သားက DSTA ဆင်းတယ်။ ကျောင်းဆင်းပွဲဘယ်နေ့လဲမသိရဘဲ ဒီဇင် ဘာ ၈ ရက်နေ့အရောက်ခေါ်တော့ တည်းခိုခန်းစရိတ်နဲ့ စားစရိတ်တွေပိုကုန်လို့ စရိတ်ထောင်းတယ်” ဟု စစ်ကောင်စီ၏ DSTA ဆင်း ဗိုလ်လောင်းမိခင်နှင့်နီးစပ်သူ အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ် ကိုပြောသည်။

စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် ( ၆၆) သင်တန်းဆင်းပွဲကို ပြီးခဲ့သည့် ဒီဇင်ဘာ ၆ ရက်နေ့က ကျင်းပခဲ့ပြီး ယနေ့ ဒီဇင်ဘာ ၁၂ ရက်နေ့တွင် တပ်မတော်နည်းပညာတက္ကသိုလ် (DSTA) ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၂၆) သင်တန်း ဆင်းပွဲကို ကျင်းပခြင်းဖြစ်သည်။

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၀၃ ဩဂုတ်မှ ၂၀၀၄ နိုဝင်ဘာအထိ စစ်တက္က သိုလ် ( DSA) ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်ရာထူးဖြင့် တာဝန်ယူခဲ့သည်။

#စစ်ခေါင်းဆောင် #DSA #DSTA #ဗိုလ်လောင်းသင်တန်းဆင်းပွဲများ #ပြင်ဦးလွင်မြို့ #လမ်းဘေးဈေးသည်များ #၁၀ရက်ဈေးမရောင်းရန် #တားမြစ်ခံရ #Ayeyarwaddy_Times