ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၂ ရက်

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ရှိ စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကြောင့် စစ်မှုထမ်းဆောင်ရမည့် စာရင်းတွင်ပါဝင်နေသူ လူငယ်အချို့ ထွက်ပြေးသွားကြောင်း ဒေသခံများထံက သိရသည်။

ရေကြည်မြို့နယ်ရှိ ပြည်သူ့စစ်မှုထမ်းမဲစာရင်းပါသူ လူငယ်အချို့သည် ရခိုင်တိုက်ပွဲအတွင်းတွင် ပြည်သူ့ စစ်မှုထမ်းများသေဆုံးနေသည့် သတင်းများတွေ့၍ ထွက်ပြေးကြခြင်းဖြစ်သည်ဟု ဒေသခံများထံက သိရသည်။

”ရေကြည်မြို့နယ်မှ စစ်မှုထမ်းပါတဲ့ လူငယ်တွေ ပြီးခဲ့တဲ့လကတည်းက ထွက်ပြေးကြတာပါ။ အခုနောက်ပိုင်း ရခိုင်ဘက်က တိုက်ပွဲသတင်းမှာ စစ်တပ်ဘက်က သေတဲ့သတင်းတွေလည်း တက် တက်လာတော့ နယ်ဘက်က ပြည်သူ့စစ်မှုထမ်းစာရင်းပါသူတွေပါ ထွက်ပြေးလာကြတယ်”ဟု ရေကြည်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ဧရာဝတီတိုင်းအတွင်းရှိ ပုသိမ်၊ ကျုံပျော်မြို့နယ်၊ ဒေးဒရဲ၊ ရေကြည်မြို့နယ်၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက်ရှိ ပြည်သူ့စစ်မှုထမ်းအများစုမှာ စစ်သင်တန်းပြီးဆုံသည့်နောက် စစ်ကောင်စီတပ်အင်အား ချိနဲ့နေသည့် ရခိုင်ပြည်နယ်သို့ အများစု ပို့ဆောင်ခံနေရပြီး လက်ရှိအချိန်ထိ တိုက်ပွဲအတွင်းသေဆုံးမှု အများအပြားရှိနေကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။

ဧရာဝတီတိုင်းမှ ရခိုင်ပြည်နယ်သို့ ပို့ဆောင်ခံရသည့် ပြည်သူ့စစ်မှုထမ်းအချို့သည် ယနေ့အချိန်ထိ မိသားစုများနှင့် အဆက်အသွယ်ပြတ်တောက်နေ၍ မိဘဖြစ်သူများက စိုးရိမ်နေကြောင်း ပြည်သူ့ စစ်မှုထမ်း တစ်ဦး၏ မိသားစုဝင်တစ်ဦးက ဆိုသည်။

ဧရာဝတီတိုင်းအတွင်းရှိ အသက် ၁၈နှစ်မှ ၃၅နှစ်အတွင်းရှိသည့် လူငယ်အများစုကို ပြည်သူ့စစ်မှု ထမ်းရန် စာရင်းများ နေ့စဥ် ကောက်ယူနေပြီး စစ်ကောင်စီ၏ သက်ဆိုင်ရာ တပ်မတော်တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းများကို အဆက်အပြတ်ပို့ဆောင်လျက်ရှိကြောင်း တပ်တွင်းသတင်းရင်း မြစ်ထံက သိရသည်။

ထို့ပြင် ဧရာဝတီတိုင်းရှိ တပ်ရင်းများမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရခိုင်ပြည်နယ်တိုက်ပွဲများ အတွင်းသို့ ပို့ဆောင်ခံနေရပြီး နောက်တန်းပြန်ခွင့်မရဘဲ သေဆုံးမှုများနေသည့်အတွက် တပ်တွင်း မိသားစု များမှာ ကျေနပ်မှုမရှိဘဲ ဆူပူလျက်ရှိကြောင်း သိရသည်။

ပုံစာ-စစ်ကောင်စီ၏ စစ်မှုထမ်းဥပကြောင့် စစ်မှုထမ်းရမည့် လူငယ်များကိုတွေ့ရစဉ်

#ရခိုင် #စစ်မှုထမ်းဥပဒေ #စစ်မှုထမ်းလူငယ်များသေဆုံး #ရေကြည်မြို့နယ် #ပြည်သူ့စစ်မှုထမ်း #စာရင်းပါဝင်သူ #ထွက်ပြေး #Ayeyarwaddy_Times