ဧရာဝတီတိုင်းမ်
(ဖာပွန်)၊ ဒီဇင်ဘာ ၁၂ ရက်

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်းရှိ စစ်ကောင်စီလက် အောက်ခံဆင်စွယ်စခန်း နှင့် တောင်သုံးလုံး စခန်းတို့ကို တော်လှန်‌ရေးပူးပေါင်းတပ်ဖွဲ့များက ဒီဇင်ဘာ ၇ ရက် နှင့် ၁၁ ရက်နေ့ အသီးသီးတွင် အပြီးသတ် စခန်းသိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

တောင်သုံးလုံးစခန်းသိမ်း တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ သေဆုံးမှုများပြားခဲ့ပြီး ၁၂၀မမ၊ ၈၀ မမ လက်နက်ကြီးများအပါအဝင် လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရမိခဲ့ကာ တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင် အချို့မှာလည်း ထိခိုက် ဒဏ်ရာရရှိမှုများရှိခဲ့ကြောင်း သိရသည်။

“တပ်ဧရိယာ ဒီစခန်းတွေက အရင်ကဆို စစ်ကောင်စီရဲ့မဟာဗျူဟာလမ်းကြောင်းထဲမှာပါတဲ့ ရိက္ခာ လမ်းကြောင်းတွေဖြစ်တဲ့အတွက် ကျိန်းသေပေါက်မဆုတ်ပေးတဲ့ နှစ်ရှည်လများ တပ်စွဲထားတဲ့ နေရာ တွေဖြစ်တယ်။ ပြီးတော့ ဖာပွန်နဲ့ကမမောင်းရဲ့ ဒီဆက်သွယ်ရေးလမ်းလည်း ဖြစ်တယ်” ဟု တောင်ပိုင်း စစ်‌ဒေသ၊ အမှတ်(၂)စစ်ဒေသခွဲ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် ဖာပွန်ခရိုင်အတွင်း စစ်ကောင်စီလက် အောက်ခံ စစ်စခန်းများကို တော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့များက တစ်ခုပြီးတစ်ခု ဆက်လက်သိမ်းပိုက်ခဲ့ပြီး ယခုအခါ ဖာပွန်တစ်မြို့လုံးကို ထိန်းချုပ် ထားနိုင်ပြီး ဖာပွန်ဗျူဟာတစ်ခုသာ ကျန်ရှိ တော့ကာ အဆိုပါစခန်းရရှိရန် တော်လှန်ရေး တပ်ဖွဲ့များက ဝိုင်းဝန်းပိတ်ဆို့ထား ကြောင်းလည်း သိရသည်။

ဖာပွန်တွင် ပြီးခဲ့သည့် နိုဝင်ဘာ ၂၂ ရက်နေ့ကလည်း မထောစခန်းကို သိမ်းပိုက်ခဲ့ကာ အဆိုပါစခန်းမှ တပ်ဖွဲ့များမှာ ယခုစခန်းသိမ်းခံထားရသည့် ငှက်ပျော တောစခန်းသို့ ထွက်ပြေးပူးပေါင်းခဲ့ခြင်းဖြစ်သည်။

“အခုလက်ရှိဖာပွန်ဒေသရဲ့ စစ်ရေးအခြအနေကတော့နေ့တိုင်းပဲ တိုက်ပွဲဖြစ်နေပါတယ်။ အောက်ပိုင်း မှာက စကစ(စစ်ကောင်စီ)တပ်တွေ ပြောက်ကျားအသွင်လှုပ်ရှားမှုအချို့ ပြုလုပ်လာတဲ့အတွက် နေ့တိုင်းတိုက်ပွဲဖြစ်ပွားတာဖြစ်တယ်” ဟု ဖာပွန်အခြေစိုက် စစ်ရေးသတင်းရင်းမြစ် တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ငှက်ပျောတောစခန်းသိမ်းတိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) နှင့် Force For Federal Democracy(FFD) ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းကာ ဝန်းရံပိတ်ဆို့တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – MOD၊ NUG
#ဖာပွန် #ငှက်ပျောတော #စခန်းသိမ်းတိုက်ပွဲ #စစ်ကောင်စီ #သေဆုံး #လက်နက်ခဲယမ်း #Ayeyarwaddy_Times