ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၂ရက်

အမ်းတွင် နောက်ဆုံးကျန်ရစ်သော စစ်ကောင်စီ ၏ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်(နပခ) အတွင်းပိုင်းထိ အာရက္ခတပ်တော်(AA)က ဝင်ရောက်တိုက်ခိုက်နေသည့်အတွက် အမ်း နပခတိုင်းမှူး၊ ဒုတိုင်းမှူးနှင့် ယာယီတိုင်းဦးစီးချုပ်တို့ ထွက်ပြေးသွားကြောင်း သိရသည်။

ယခု ဒီဇင်ဘာ ဒုတိယပတ်တွင် တစ်ဦးတည်းကျန်ရစ်သော နပခ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းသည် အမ်း နပခမှ စစ်အရာရှိတချို့နှင့်အတူ ထွက်ပြေးသွားကြောင်း သိရသည်။

” အမ်းရိုးကနေပြေးဖို့များတယ်။ အသစ်တည်နေတဲ့ ဗျူဟာဆီပြေးမလား၊ အမ်း ပဒါန်းကနေ မကွေးကိုပြေးမလား တစ်ခုခုပဲ။ ထွက်ပြေးသွားပြီလို့တော့ သတင်းကထွက်နေပါတယ်” ဟု အမ်းဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့်အောက်တိုဘာလကတည်းက နပခ တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာဦးသည် နပခကိုထားကာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကျောက်ဖြူမြို့ကို ထွက်ပြေးသွားခြင်းဖြစ် သည်။

အလားတူ ဒုတိုင်းမှူးဖြစ်သူ ဗိုလ်မှူးချုပ်သောင်းထွန်း သည်လည်း အမ်း နပခမှနေ၍ မကွေးမြို့ရှိ တပ်မ (၈၈) ထံသွားရောက်တိမ်းရှောင်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၆ရက်နေ့က အမ်းရှိ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်း၏နေအိမ်နှင့် ယာယီတိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့၏ နေအိမ်များကို AA က ချိတ်ပိတ်သိမ်းဆည်းခဲ့ကြောင်း သိရသည်။

အမ်း နပခ မှာလည်း ပိတ်ဆို့တိုက်ခိုက်ခံနေရပြီး စစ်ကောင် စီတပ်ဖွဲ့ဝင် ၄၀၀ခန့်မှာ မြေအောက်ဘန်ကာများတွင်ပိတ်မိနေပြီး စစ်အရာရှိနှင့် ဒဏ် ရာရ တပ်ဖွဲ့ဝင် ၁၀၀ခန့်မှာ AAထံ လက်နက်ချခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အမ်း၌ နပခ တစ်ခုသာ ကွက်ကွက်ကလေးကျန်ရှိ​ပြီး ဦးစီးခေါင်းဆောင်သူများလည်း မရှိတော့ဘဲ AA ၏ တိုက်ခိုက်ခြင်းကိုခံနေရခြင်းဖြစ်သည်။

စစ်ကောင်စီသည် လက်နက်၊ခဲယမ်းများကို လေ ကြောင်းမှပို့ဆောင်လျက်ရှိသော်လည်း နေရာအများစုကို AA က သိမ်းယူရရှိထားသည့် အတွက် ကမြင်းကန်ဂိတ်မှစ၍ နတ်ရေကန်အထိ စစ်ကူနှင့်ထောက်ပို့၍ ခြေလျင်စစ်ကြောင်းထိုးကာ အမ်းကို ပြန်လည်ရယူရန်ကြိုးပမ်းနေကြောင်း သိရသည်။

#အမ်း #တိုင်းမှူး #ဒုတိုင်းမှူး #ယာယီတိုင်းဦးစီးချုပ် #နပခ #ထွက်ပြေး #Ayeyarwaddy_Times