
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၁ ရက်
စစ်ကောင်စီကျင်းပသော အမျိုးသားအားကစားပွဲတော်တွင် အားကစားသမားတစ်သောင်းကျော် ပါဝင်ယှဉ်ပြိုင်ပြီး ဆုတံဆိပ်၂၀၀၀ ကျော်ပေးမည်ဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီ၏ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၉ ရက်မှစတင်ကာ ၂၀ ရက်အထိ နေပြည်တော်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအားကစားပြိုင်ပွဲတွင် မသန်စွမ်းအားကစားသမား ၁၄၀ ကျော်အပါအဝင် အားကစားသမား စုစုပေါင်း ၁၂၀၀၀ ခန့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကာ အနိုင်ရရှိသူများကို ရွှေတံဆိပ် ၆၇၀ ခု၊ ငွေတံဆိပ် ၆၇၀ ခုနှင့် ကြေးတံဆိပ် ၉၀၂ ခု ဆုချီးမြှင့်မည်ဖြစ်ကြောင်း စစ်ကောင်စီထံက သိရသည်။
ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ကျင်းပရေးအတွက် လိုအပ်သည့် ဘဏ္ဍာငွေ ရရှိရေးကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ တင်ပြတောင်းခံရခြင်းဖြစ်ပြီး အလှူငွေများ ပါဝင်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီအစည်းအဝေးက သိရသည်။
အမျိုးသား အားကစားပွဲတော်ကို ပြည်တွင်းအဆင့်နှင့်အညီ ခမ်းခမ်းနားနားဖြစ်စေရေးအတွက် ကန့်သတ်ချက်များအတွင်းမှ စိစစ်ခြိုးခြံချွေတာဆောင်ရွက်ရကြောင်း အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနထံမှ သိရသည်။
မြန်မာနိုင်ငံအနေဖြင့် အမျိုးသားအားကစားပွဲတော်ကို လေးကြိမ်ကျင်းပခဲ့ပြီးဖြစ်ရာ ၁၉၉၂ ခုနှစ် ၁၉၉၄ ခုနှစ်၊ ၁၉၉၇ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်တို့တွင်ကျင်းပခဲ့ကြောင်း အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာနထံက သိရသည်။
ဓာတ်ပုံ – MOI
#စစ်ကောင်စီ #အမျိုးသားအားကစားပွဲတော်ကျင်းပ #နေပြည်တော် #အားကစားသမား #တစ်သောင်းကျော် #Ayeyarwaddy_Times