ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၁ ရက်

ထိုင်းနိုင်ငံရှိ စစ်ကောင်စီလက်အောက်ခံ ဘန်ကောက် မြန်မာသံရုံးမှ ထိုင်းရောက် မြန်မာ အလုပ်သမားအတွက် နိုင်ငံကူးလက်မှတ်များ(Passport) နှင့် အလုပ်သမားသက်သေခံစာအုပ်(CI) တို့ကို မြေပြင်တွင် ကွင်းဆင်းကာ စာအုပ်သက်တမ်းတိုးမှုများကို လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ပြီးခဲ့သည့် ဒီဇင်ဘာ ၇ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီသံရုံး၏ စာအုပ်သက်တမ်း တိုးပေးမည်ဟု ပြောဆိုခြင်းသည် လက်တွေ့တွင်မလိုအပ်သည့် လုပ်ဆောင်မှုတစ်ခုသာဖြစ်ပြီး ထိုင်းအစိုးရ၏ အလုပ်လုပ်ကိုင်ခွင့် ဗီဇာတိုးပေးသည့် အချိန်နှင့် တိုက်ဆိုင်စွာ အလုပ်သမားများ အပေါ်ပုံမှားရိုက်၍ စစ်ကောင်စီအတွက် အခွန်ရရန်ကြိုးပမ်းခြင်း ဖြစ်ကြောင်း အလုပ်သမားရေးလှုပ်ရှားသူများ၏ သုံးသပ်ပြောဆိုမှုများအရ သိရသည်။

“အဓိကက အခွန်အခကို အမြန်ဆုံးရချင်လို့။ အခွန်လိုချင်လို့ အလုံးအရင်းနဲ့ အမြန်လုပ်နေတာ။ တစ်ပေါင်းတစ်စည်းတည်းရချင်လို့။ ပုံမှန်ဆို စာအုပ်သက်တမ်းကုန်မှ အလုပ်သမားတွေက လာလဲမှာ လေ။ သူတို့က အဲ့တာကို မစောင့်တော့ပဲနဲ့ အခုလေးနှစ်သက်တမ်းတိုးတာနဲ့ အမြန်ပုံမှားရိုက်ပြီး လာလဲခိုင်းတာ။ ခုချိန်က ကွက်တိပဲ။ စာအုပ်ဖိုးရမယ်။ အခွန်ကောက်လိုက်ရုံပဲ” ဟု ထိုင်းရောက် မြန်မာအလုပ်သမားအရေးလှုပ်ရှားသူ အေအေစီ ကိုရဲမင်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မြန်မာသံရုံး၏ ထုတ်ပြန်ချက်တွင် ၎င်းတို့က အလုပ်သမား ၄၀၀ နှင့်အထက်ရှိသည့် အလုပ်ရုံများကို မြေပြင်အဖွဲ့(Mobile Team) စေလွှတ်ကာ အလုပ်သမားများ၏ Passport နှင့် CI စာအုပ်သက်တမ်းတိုးခြင်းများကို လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ပြောဆိုထားသည်။

ထို့ပြင် နိုင်ငံကူးလက်မှတ်စာအုပ်များကို သက်တမ်းတိုးရန် စာအုပ်သက်တမ်း ၂ နှစ် နှင့် ၆ လကျန်ရှိရန်လိုအပ်သည်ဟုလည်း စစ်ကောင်စီသံရုံးကပြောဆိုထားပြီး ကျန်နှစ်နှစ်ခြောက်လအတွင်း သက်တမ်းမတိုးပါက မည်သို့ဖြစ်မည်ကို ရှင်းလင်းစွာ ပြောကြားထားခြင်းမရှိပေ။

မြေပြင်အခြေအနေတွင် နိုင်ငံကူးလက်မှတ်စာအုပ်များကို သက်တမ်းတိုးရာတွင် စာအုပ်သက်တမ်း မကုန်ဆုံးမီ ခြောက်လ အလိုအထိ ခွင့်ပြုထားကြောင်း သိရပြီး ထိုင်းအစိုးရ၏ ပေါ်လစီတွင်မူ ဗီဇာသက်တမ်းတိုးပေးခြင်းကို စာအုပ်သက်တမ်း မကုန်ဆုံးခင်အထိ တိုးပေး နေကြောင်း သိရသည်။

“သက်တမ်းတိုးလာတိုးမှာကို မစောင့်နိုင်တေ့ာဘဲ နယ်မြေ ဆင်းပြီး ငွေရှာတာ။ သူတို့ရဲ့ကုန်ခမ်းလာတဲ့ ဘတ်ဂျက်‌တွေ အတွင်းထဲမှာ မင်းအောင်လှိုင်က ပြည်သူတွေကို သတ်ဖြတ်မယ့် ကျည်ဆံဖိုး တွေကို ဒီမှာလာရှာတာ။ အဲ့ဒီတော့ စာအုပ်ကိုသက်တမ်းတိုးစရာမလိုဘူး။ ကိုယ့်စာအုပ်ထဲမှာ သက်တမ်း တစ်နှစ်ခွဲ တစ်နှစ်ထိရှိတဲ့သူ တွေကတိုးစရာမလိုဘူး။ သုံး၊ လေးလ လောက်ပဲရှိရင်တော့တိုး” ဟု အေအေစီ ကိုရဲမင်းက ဆက်လက် ပြောဆို အကြံပြုထားသည်။

နိုင်ငံကူးလက်မှတ်စာအုပ်များ သက်တမ်းတိုးလိုပါက အခွန်များအပါအဝင် တစ်ဦးလျှင် ဘတ် ၆၀၀၀ ဝန်းကျင် ကုန်ကျမည်ဖြစ်ကြောင်းလည်း သိရသည်။

အလုပ်သမားများအနေဖြင့် စစ်ကောင်စီသံရုံး၏ ထုတ်ပြန်ချက်အတိုင်း ၎င်းတို့လှည့်လည် သက်တမ်းတိုးပေးချိန်တွင် မလိုအပ်ပဲ လိုက်ပါလုပ်ဆောင်မိပါက စစ်ကောင်စီမှ ၎င်းတို့လိုအပ်နေသည့် ငွေကြေးဘတ်ဂျတ်များအပြင် ထိုင်းရောက် အလုပ်သမား၊ တော်လှန်ရေးဘက်တော်သားများ၏ အချက်အလက်များကိုလည်း ရရှိသွားနိုင်ကြောင်း သိရသည်။

ဓာတ်ပုံ – အင်တာနက်

#ထိုင်း #ဘန်ကောက်သံရုံး #စစ်ကောင်စီ #နိုင်ငံကူးလက်မှတ် #သက်တမ်းတိုးပေး #Ayeyarwaddy_Times