
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၁ ရက်
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ချွန်ကျူံးကျေးရွာတွင် စစ်ကောင်စီတပ်၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်သည့်အတွက် အရပ်သား မိသားစုဝင် လေးဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံက သိရှိရသည်။
ယမန်နေ့ ဒီဇင်ဘာလ ၁၀ရက်နေ့၊ နံနက် ၂ နာရီ ၁၅ မိနစ်ခန့်တွင် ချွန်ကျူးကျေးရွာကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိပဲ ဂျက်ဖိုက်တာတစ်စီးနှင့် ဗုံးသီးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
“ရွာသားတွေ အိပ်မောကျနေတဲ့အချိန် ဗုံးသီးနှစ်လုံးနဲ့လာကြဲသွားတာဖြစ်တဲ့အတွက် ထွက်ပြေးတိမ်းရှောင်ဖို့ အချိန်မရလိုက်ဘူး။ ပထမ ဗုံးသီးတစ်လုံး လာကြဲသွားတုန်းက ဦးရမ်ကျူးနေအိမ်ကို ထိတယ်။ ဒုတိယအကြိမ် ဗုံးတစ်လုံးထပ်ကြဲတဲ့အခါ ဦးငွန်လျန်ဟူး နေအိမ်ထိတာပါ။ အဲ့မှာ မိသားစုဝင်တွေ ထိခိုက်သေဆုံးမှုတွေဖြစ်သွားတာပါ” ဟု ဟားခါးမြို့နယ် ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ လေကြောင်း တိုက်ခိုက်မှုတွင် ဦးရမ်ကျူး၏ မိသားစုဝင် လေးဦးသည် ပွဲချင်းပြီး သေဆုံးသွားပြီး ဦးငွန်လျန်ဟူး၏ မိသားစုဝင် ငါးဦးအပါအဝင် ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိကာ ၎င်းထိခိုက်ဒဏ်ရာရရှိသည့် လူနားများသည် ဆေးကုသမှုခံယူနေရကြောင်း သိရှိရသည်။
ထို့အပြင် စစ်ကောင်စီတပ်၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ချွန်ကျူံးကျေးရွာက ဦးရမ်ကျူးနှင့် ဦးငွန်လျန်ဟူးတို့၏ နေအိမ်နှစ်လုံးသည် လုံးဝ ပျက်စီးသွားပြီး နောက်ထပ် နေအိမ်သုံးလုံးသည်လည်း အနည်းငယ်ထိခိုက်ပျက်စီးခဲ့သည်။
ချွန်ကျူံးကျေးရွာသည် ဟားခါးမြို့နှင့် ၁၀ မိုင်ခန့်အကွာတွင်ရှိပြီး ဟားခါး – ဖလမ်း ကားလမ်းပေါ်တွင် တည်ရှိကာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇူလိုင်လနှင့် ၂၀၂၃ ခုနှစ်၊ ဧပြီလတွင်လည်း စစ်ကောင်စီတပ်၏ နေအိမ်မီးရှို့ခံရသည့် ကျေးရွာဖြစ်သည်။
#ဟားခါးမြို့နယ် #လေကြောင်းတိုက်ခိုက် #အရပ်သားမိသားစုဝင်၄ဦး #သေဆုံး# #Ayeyarwaddy_Times