နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၁ ရက်

စစ်ကောင်စီက ပအိုဝ်းအချင်းချင်းနှင့် အခြားတိုင်းရင်းသားများအကြား လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်စေရန်အတွက် နည်းလမ်းပေါင်းစုံဖြင့် သပ်လျှိုဖြိုခွဲနေသောကြောင့် မိမိကိုယ်ကိုမိမိ ခုခံကာကွယ် ပိုင်ခွင့်မူကို အခိုင်အမာ ကျင့်သုံးသွားမည်ဖြစ်ကြောင်း ပအိုဝ်းတပ်ဖွဲ့နှစ်ဖွဲ့က ထုတ်ပြန် ပြောဆိုသည်။

ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC)နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA)တို့သည် ယနေ့ (ဒီဇင်ဘာ ၁၁ ရက်) ကျရောက်သော (၇၅)နှစ်မြောက် ပအိုဝ်းတော်လှန် ရေးနေ့တွင် ပူးတွဲသဘာထား ထုတ်ပြန်ရာ၌ ထိုကဲ့သို့ ထည့်သွင်ပြောဆိုခဲ့ကြောင်း သိရသည်။

“တချို့သော PNO အသွင်ပြောင်း ပြည်သူ့စစ်တွေကလည်း လူမျိုးရေး ပုံသဏ္ဍာန်ဖြစ်အောင် ပအိုဝ်း လူမျိုးတွေရဲ့ မျိုးချစ်စိတ်ဓာတ်ကို အသုံးချပြီးတော့ လူမှုကွန်ရက်ကနေ ဝါဒဖြန့်တာ၊ မမှန် သတင်း လွှင့်တာ တွေ အဲဒီလို လုပ်ဆောင်နေတာ ရှိတယ်” ဟု PNLO အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်အောင်မန်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထိုနှစ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် အချက် ခုနစ် ချက် ထည့်သွင်းထားပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ရည်မှန်းချက်ကို အခြေခံသော ခိုင်မာ ကျယ်ပြန့် အားကောင်းသည့် နိုင်ငံရေးဘုံသဘော တူညီချက်တစ်ရပ် အမြန်ဆုံးရရှိရေးအတွက် တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်မည်ဟု ဖော်ပြထားသည်။

ယင်းအပြင် “ပြည်ထောင်စုအရေးသည် ပအိုဝ်းအရေးဖြစ်ပြီး ပအိုဝ်းအရေးသည် ပြည်ထောင်စုအရေး ဖြစ်သည်”ဟူသည့် ခံယူချက်နှင့်အညီ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး တိုင်းရင်းသား လူမျိုးပေါင်းစုံ ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တလျက်ရှိသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို စုပေါင်းထူထောင်ကြမည်ဟု ဆိုသည်။

ထိုသို့ ထူထောင်နိုင်ရေးအတွက် ဘဝတူအဖိနှိပ်ခံ တိုင်းရင်းသား လူမျိုးအသီးသီး၏ လွတ်မြောက်ရေး တိုက်ပွဲများနှင့် အပြန်အလှန်ဆက်စပ်၍ ပြည်သူလူထုတစ်ရပ်လုံး အဖိနှိပ်ခံဘဝမှ လွတ်မြောက်ရေးအ တွက် ညီနောင်တော်လှန်ရေး မဟာမိတ်အဖွဲ့အစည်းများအပါအဝင် တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလူထု တစ်ရပ်လုံးနှင့်အတူ ပူးပေါင်းဆင်နွှဲမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့အနေနဲ့ စစ်အာဏာရှင်စနစ် တိုက်နေတဲ့ လက်ရှိတော်လှန်ရေးမှာ ပါဝင်မယ်ဆိုရင် ပအိုဝ်းအချင်းချင်း ပြန်တိုက်ခိုင်းတဲ့ပုံစံမျိုး စစ်ကောင်စီက လုပ်လာနိုင်တယ်ဆိုတာ သုံးသပ်နားလည် ထားပါ တယ်။ တကယ်လည်း အဲဒီပုံစံဖြစ်အောင် ဖန်တီးလာတယ်” ဟု ဗိုလ်မှူးကြီး ခွန်အောင်မန်းက ပြောသည်။

PNFC နှင့် PNLO သည် နိုင်ငံရေး၊ စစ်ရေး၊ အုပ်ချုပ်ရေး၊ လူသားချင်းစာနာမှု ကိစ္စရပ်များအပါအဝင် လူထုအကျိုးပြု လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်သစ်များ ပေါ်ထွန်းခွင့်ရှိသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးမူကို အခြေခံ၍ နိုင်ငံရေး ပြဿနာများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းမည်ဟု သိရသည်။

ထို့အပြင် မိမိနှင့် မိမိတို့ ပအိုဝ်းပြည်သူအပါအဝင် တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူများကို ကာကွယ်ရန် လိုအပ်ချက်မှတပါး ပအိုဝ်းအမျိုးသား အချင်းချင်းကြားတွင်ဖြစ်စေ၊ တိုင်းရင်းသား အချင်းချင်း ကြားတွင်ဖြစ်စေ လက်နက်ကိုင်ပဋိပက္ခကို အတတ်နိုင်ဆုံး ရှောင်ရှား၍ ငြိမ်းချမ်းသည့်နည်းဖြင့် ညှိနှိုင်းအဖြေရှာရေးကို အတတ်နိုင်ဆုံး လက်ကိုင်ကျင့်သုံးသည်”ဟူသည့်မူကို ချမှတ်ကျင့်သုံးလျက်ရှိကြောင်း ထုတ်ပြန်ဖော်ပြသည်။

လက်ရှိတွင် စစ်ကောင်စီသည် စစ်ရှုံးလာသည်နှင့်အမျှ ၎င်းတို့လက်အောက်ခံ PNO/PNA အသွင်ပြောင်း ပြည်သူ့စစ်များကို အင်အားစုဆောင်းခွင့် ပေးထားပြီး လက်နက်ခဲယမ်းများ ထောက်ပံပေးနေသလို အဆိုပါ ပြည်သူ့စစ်များကလည်း ယင်းတို့ထိန်းချုပ်ထားရာ ပအိုဝ်းဒေသတွင် ထင်ရာစိုင်း လုပ်ဆောင်နေကြောင်း ဒေသခံများထံက သိရသည်။

ယင်းအပြင် အသက် ၁၈ နှစ်မှ ၄၅ နှစ်အကြားရှိ ဒေသခံ ပအိုဝ်းအမျိုးသားများကို စစ်သင်တန်း မတက်မနေရ အတင်း အကျပ် လုပ်ဆောင်နေပြီး စစ်ယူနီဖောင်း၊ စစ်ဖိနပ်များကို ကိုယ့်ငွေကြေးဖြင့် ပြန်ဝယ် နေရသလို အဝေးရောက်နေသူများလည်း ဖိအားပေးကာ ပြန်လာခိုင်းနေကြောင်း သိရသည်။
ထိုသို့ ပြန်မလာလျှင် ငွေကျပ်ငါးသိန်း ထည့်ခိုင်းသလို ယောင်္ကျားလေးမရှိသည့် မိသားစုများ၊ အိမ်များကိုလည်း ငွေကျပ်သုံးသိန်း ထည့်ခိုင်းခြင်းမျိုး အတင်းအကျပ် လုပ်ဆောင်နေသဖြင့် စစ်ဘေးဒဏ်နှင့်အ တူ ပအိုဝ်းလူမျိုးများ အခက်အခဲဒုက္ခ ရင်ဆိုင်နေရကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

“သူတို့ အကြောင်းပြတာကတော့ ဒေသကာကွယ်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ပေါ့လေ။ စစ်ကောင်စီက စစ်မှုထမ်းဥပဒေနဲ့ ခေါ်တာတစ်မျိုး၊ ပြည်သူ့စစ်က ခေါ်တာတစ်မျိုးကြောင့် ပြည်သူတွေ အခက်အခဲကြီးကြီး မားမား ရင်ဆိုင်နေရတယ်” ဟု PNLO အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်အောင်မန်းက ဆိုသည်။

PNO/PNA အနေဖြင့် ၎င်းတို့ဖွဲ့စည်းစဉ်က လုံးဒါညီလာခံတွင် ချမှတ်ခဲ့သော စစ်အာဏာရှင်စနစ်နှင့် မဟာလူမျိုးကြီးဝါဒ ဆန့်ကျင်တိုက်ဖျက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေးမူနှင့် အညီ လူထုတော်လှန်ရေးကြီးတွင် ပြန်လည်ပူးပေါင်းဆင်နွှဲရန် PNFC နှင့် PNLO က နှိုးဆော်တိုက်တွန်းထားသည်။

#စစ်ကောင်စီ #ပအိုဝ်းအချင်းချင်း #အခြားတိုင်းရင်းသားများ #လူမျိုးရေးဘာသာရေး #ပဋိပက္ခ #သပ်လျှိုဖြိုခွဲ #Ayeyarwaddy_Times