
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၁ရက်
အမ်းရှိ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်(နပခ)ဝင်းအတွင်းထိ အာရက္ခတပ်တော် (AA) က ဝင်ရောက်တိုက်ခိုက်နေ၍ စစ်ကောင်စီက ဗျူဟာကုန်းအသစ်တည်ဆောက်ပြီး အမ်းကို ထိုးစစ်ဆင်ရန်ကြိုးစားနေကြောင်း သိရသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် ဒီဇင်ဘာ ၈ရက်နေ့က အမ်းတောင်ကြားလမ်းတွင် ရဟတ်ယာဉ်ဖြင့် စစ်ကူများကို ချပေးပြီး တရုတ်ဓာတ်ငွေ့ပိုက်လိုင်းတစ်လျှောက်ကို အကာအကွယ်ယူ၍ အမ်း နတ်ရေကန်တောင်ကို ခြေလျင်စစ်ကြောင်းထိုးခဲ့ကြောင်း သိရသည်။
“ကမြင်းကန်ဂိတ်မှာ ရဟတ်ယာဉ် နှစ်စင်းနဲ့ လူလာချတယ်။ လူမချခင် Y12 တို့ Y8တို့နဲ့ဗုံးကြဲတယ်။ နတ်ရေကန်တောင်မှာ လူစုတယ်။ လက်နက်ကြီးတွေကိုတော့ကားနဲ့သယ်တယ်။ တရုတ်ပိုက်လိုင်းတွေနဲ့ အကာအကွယ်လုပ်ပြီး တက်သွားကြတာ” ဟု ရခိုင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အမ်းတစ်မြို့လုံးနှင့် စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းအခု ၃၀ကျော်ကို သိမ်းယူပြီး နပခကို အနီးကပ်ထိုးစစ်ဆင်ကာ နပခအတွင်းရှိ ဒုတိုင်းမှူးနှင့် ယာယီတိုင်းမှူးနေအိမ်များကိုပါ AAက သိမ်းယူခဲ့ကြောင်း ဒေသတွင်း သတင်းများက ဖော်ပြထားသည်။
စစ်ကောင်စီသည် နပခဝင်း အတွင်းထိ AA ၏ ဝင်ရောက်တိုက်ခိုက်ခြင်းကိုခံနေရ၍ ပေါင် ၅၀၀ဗုံးနှင့် ပေါင် ၁၀၀၀ဗုံးများကိုပါ နပခဝင်းအတွင်း ကြဲချခဲ့သည်။
လက်ရှိတွင် စစ်ကောင်စီက AAအနေဖြင့် တရုတ်ပိုက်လိုင်းများကို ထိခိုက်မည့်ကိစ္စ လုပ်ဆောင်မည်မဟုတ်ဆိုသည့် ယူဆချက်ဖြင့် တရုတ်ပိုက်လိုင်းများကို အကာအကွယ်ပြု၍ အင်အားရာနှင့်ချီကာ ဗျူဟာကုန်းအသစ်ကို ချီတက်နေခြင်းဖြစ်ကြောင်း စစ်ရေးသုံးသပ်သူများက ဆိုသည်။
#အမ်း #အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် #AA #တိုက်ခိုက် #စစ်ကောင်စီ #ဗျူဟာကုန်းအသစ် #တည်ဆောက် #Ayeyarwaddy_Times