ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၀ ရက်
နေပြည်တော်ရှိ အားကစားခန်းမများနှင့် သတ်မှတ်ထားသည့် အားကစားကွင်းတို့တွင် ပဉ္စမအကြိမ် မြောက် အမျိုးသားအားကစားပွဲကို စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကြီးမှူး၍ ဒီဇင်ဘာ ၉ ရက်နေ့မှ ဒီဇင်ဘာ ၂၀ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတွင် ပြေးခုန်ပစ် အပါအဝင် အားကစားနည်း ၂၃ မျိုးပါဝင်ပြီး စစ်ခေါင်းဆောင်နှင့် ဇနီးဖြစ်သူတို့သည် ယမန်နေ့ ဒီဇင်ဘာ ၉ ရက်နေ့က အမျိုးသား အားကစားပွဲတော်ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် သစ်ပင်စိုက်ပျိုးကာ အားကစားပွဲကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
စစ်ခေါင်းဆောင်က အမျိုးသားအားကစားပွဲကို အားကစားသမား ၁၂၀၀၀ ခန့်ဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သော်လည်း ရခိုင်၊ ကချင်၊ စစ်ကိုင်း၊ မန္တလေး၊ ကရင်နီ၊ ရှမ်းမြောက်စသော စစ်မျက်နှာဖွင့်ထားသည့် နယ်မြေများတွင် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း (ခလရ)နှင့် ခြေမြန်တပ်ရင်း(ခမရ)တပ်များမှာ တော်လှန်ရေးပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကြောင့် ကစဉ့်ကလျား ထွက်ပြေးရမှုများရှိနေသည်။
“စစ်တပ်အခြေအနေက လာတိုက်မှာကိုသိတယ်။ ခံစစ်ပြင်တယ်၊ လေကြောင်းရေကြောင်း မြေပြင်စစ်ကူ အပြည့်ပေးတယ်။ မနိုင်ဘူး။ စခန်းတွေလက်လွှတ်ရတယ်။ နောက်ထပ်ပို့ဖို့ စစ်ကူမလုံ လောက်ဘူး။ ဒီလိုအခြေအနေမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပွဲတက်နေတယ်။ အောက်လက် ငယ်သားတွေ ကိုယ့်ဘာသာစဉ်းစားဖို့ အချိန်တန်ပြီ”ဟု တပ်မတော်သား CDM အရာရှိတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ မြို့သိမ်းတိုက်ပွဲတွင်လည်း မြို့တွင်းနှင့် မြို့ပြင်ရှိတက္ကသိုလ်များတွင် နေရာယူထားသည့် တပ်ရင်း၊တပ်ဖွဲ့များမှာ ပြီးခဲ့သည့် ဒီဇင်ဘာ ၄ ရက်နေ့ကတည်းက ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏တိုက်ခိုက်မှုကြောင့် စခန်းစွန့်ခွာ၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်လွတ်ထွက်ပြေးနေရကြောင်း သိရသည်။
ရခိုင်ပြည်နယ်၊ မောင်တောမြို့ နယ်ခြားစောင့်စခန်း (နခခ-၅) မြို့သူကြီး မှ စကခ ၁၅ ၏ ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်း ခေါင်းဆောင်သည့် အင်အားရာချီပါအဖွဲ့သည် နခခ ၅ အတွင်းရှိ လက်အောက် ငယ်သားများကို ပစ်ထား၍ ကိုယ်လွတ်ရုန်း ထွက်ပြေးခဲ့သော်လည်း ပြီးခဲ့သည့် ဒီဇင်ဘာ ၈ ရက်နေ့က အာရက္ခတပ်တော်(AA) ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။
ထိုသို့ စစ်မျက်နှာဖွင့် ရင်ဆိုင်နေရသည့် တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီ လက်အောက်ခံရဲများ အရှုံးနှင့်ရင်ဆိုင် ထွက်ပြေးနေရသော်လည်း စစ်ခေါင်းဆောင်က နေပြည်တော် နယ်မြေအတွင်း မာရသွန်အားကစားနည်းအပါအဝင် အခြားအားကစားနည်းများကို အခမ်းအနားနှင့် ကျင်းပပြုလုပ်လျက်ရှိသည်။
အဆိုပါ အခမ်းအနားကို စစ်ကောင်စီလက်အောက်ခံ ရုပ်သံများတွင် တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့ပြီး အား ကစားဖွင့်ပွဲကို စစ်ခေါင်းဆောင်တက်ရောက်သည့်အတွက် အထူးလုံခြုံရေးများ ယူပေးခဲ့ရကြောင်း သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ပြင်ဦးလွင်တပ်နယ်၌ ပြုလုပ်သည့် ဗိုလ်လောင်းသင်တန်းဆင်းပွဲသို့ စစ်ခေါင်းဆောင်တက်ရောက်ရာတွင်လည်း ကစထမှူး၊ စကခမှူး၊ တိုင်းမှူးအဆင့်ရှိသည့် စစ်အရာ ရှိများနှင့် နိုင်ငံတော်အဆင့် လုံခြုံရေးယူပေးခဲ့ရကြောင်း သိရ သည်။
စစ်ခေါင်းဆောင်သည် နိုင်ငံတော်အဆင့်လုံခြုံရေး အများအပြားနှင့် လူမြင်ကောင်းအောင်ပြုလုပ်သည့် ပွဲများကျင်းပနေချိန်တွင် အမ်း(နပခ)ဌာနချုပ် ပိတ်ဆို့ တိုက်ခိုက်ခံရပြီး စစ်အရာရှိနှင့် အောက်ခြေ စစ်သားများ ပိတ်မိနေခြင်း၊ မောင်တော နခခ- ၅ အတွင်းကူညီ သူမရှိဘဲ အောက်ခြေစစ်သည်များ ဖမ်းဆီးခံနေရခြင်းတို့ကြောင့် တပ်တွင်း၌ မကျေမနပ်မှုများ ဖြစ်ပေါ်လျှက်ရှိကြောင်း တပ်သတင်းရင်း မြစ်ထံက သိရသည်။
ကချင်ပြည်နယ်၏ ဒုတိယမြို့တော် ဗန်းမော်မြို့မှာ KIA ၏ ဝင်ရောက်တိုက်ခိုက်ခံရ၍ စစ်ကောင်စီ ခစန်းများ ဆုံးရှုံးနေရချိန်တွင် စစ်ခေါင်းဆောင်က ပွဲတက်မပျက်ဘဲ နိုင်ငံတော်စီမံအုပ်ချုပ်မှုကို တည်တည်ငြိမ်ငြိမ် အုပ်ချုပ်နေနိုင်သည်ဟု ချပြလို၍ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း တပ်တွင်း သတင်းရင်းမြစ်က ဆိုသည်။
ဓာတ်ပုံ-စစ်ကောင်စီ(MOI)
#စစ်ကောင်စီ #ခြေလျင်ခြေမြန် #တပ်ရင်းတပ်ဖွဲ့ #စစ်ခေါင်းဆောင် #အပြေးပြိုင်ပွဲကျင်းပ #Ayeyarwaddy_Times