
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၀ ရက်
အိန္ဒိယသမုဒ္ဒရာအရှေ့ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း ဆက်လက် အားကောင်း လာ၍ လာမည့် နှစ်ရက်အတွင်း တိုင်းနှင့်ပြည်နယ်တို့တွင် နေရာကွက်ကျားမိုးအနည်းငယ်ရွာနိုင်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မိုး/ဇလ)က ယမန်နေ့ ဒီဇင်ဘာ ၉ ရက်နေ့ ညနေပိုင်းတွင် ထုတ်ပြန်သည်။
အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် လာမည့် ၂၄ နာရီအတွင်း ပိုမိုအားကောင်းလာနိုင်ကာ ဒီဇင်ဘာ ၁၂ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်း(သီရိလင်္ကာ နိုင်ငံကမ်းလွန်-အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးကမ်းခြေ)သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားသည်။
ယခု ဒီဇင်ဘာ ၁၀ ရက်နှင့် ၁၁ ရက် အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်ကြောင်း ထုတ်ပြန်သည်။
ယခုနှစ်တွင် ဘင်္ဂလားပင်လယ်အော်၊ တောင်တရုတ်ပင်လယ်ပြင်နှင့် ပစ္စိဖိတ်သမုဒ္ဒရာအနောက်ပိုင်း၌ တိုင်ဖွန်းမုန်တိုင်းနှင့် ဆက်စပ်သောလေပွေလှိုင်းများ အာရှတိုက်ကုန်းမြေဘက်သို့ ဝင်ရောက်လာမှု များပြားလာနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM) က ထုတ်ပြန်သည်။
ဘင်္ဂလား ပင်လယ်အော်အရှေ့တောင်ပိုင်းတွင် လာမည့် ဒီဇင်ဘာ ၁၄ နှင့် ၁၅ ရက်နေ့များ၌ လေပွေလှိုင်းတစ်ခု ထပ်မံဖြစ်ပေါ်လာနိုင်ပြီး အဆိုပါလေပွေလှိုင်းသည်လည်း တမီလ်းနာဒူကမ်းခြေ ဘက်သို့သာ ဦးတည်ရွေ့သွားနိုင်ကြောင်း MOHADM က ခန့်မှန်းထားသည်။
အရှေ့လေပွေလှိုင်း/ မုန်တိုင်းငယ် သက်ရောက်မှုကြောင့် အချိန်အခါမဟုတ် မိုးရွာနိုင်မည့် အခြေအနေများသည် ယခုလအပါအဝင် ဇန်နဝါရီ၊ ဖေဖေါ်ဝါရီနှင့် မတ်လအထိသတိပြုရန်လိုအပ်ပြီး ဆောင်းသီးနှံများအတွက်လည်း အဖျက်မိုးအဖြစ် ကြုံတွေ့နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက အသိပေး ထားသည်။
ဓာတ်ပုံ – မိုး/ဇလ ၊ ဧရာဝတီတိုင်းမ်
#မိုးလေဝသ #အချိန်အခါမဟုတ်မိုးရွာာ#လေဖိအားနည်းရပ်ဝန်း #မတ်လအထိမိုးရွာနိုင် #Ayeyarwaddy_Times