
နိုင်မင်းလွင်/ဧရာဝတီတိုင်း
ဒီဇင်ဘာ ၁၀ ရက်
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး၊ လုံခြုံရေးကိစ္စရပ်များအတွက် အာရှ-ပစိဖိတ်ဒေသ ပါလီမန်များ၏ ဒေသတွင်းညီလာခံကို ပြည်ထောင်စုလွှတ်တော်ကိုယ်စား ပြုကော်မတီ (CRPH) တက်ရောက်ခဲ့ပြီး ရွှေ့ပြောင်းအရေးကိုပါ ဆွေးနွေးတောင်းဆိုခဲ့ကြောင်း သိရသည်။
အဆိုပါ ညီလာခံကို နိုင်ငံတကာ ပါလီမန်များအဖွဲ့ (IPU)၊ ထိုင်းလွှတ်တော်နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)တို့က ဒီဇင်ဘာ ပထမပတ်အတွင်း ၂ ရက်တာ ပူးတွဲကျင်းပ၍ CRPH ကို အသိအမှတ်ပြု ဖိတ်ကြားခဲ့ကြောင်း CRPH နိုင်ငံတကာ ဆက်ဆံရေးကော်မတီထံက သိရသည်။
ယင်းတက်ရောက်မှုသည် CRPH အနေဖြင့် ထိုင်းနိုင်ငံတွင် ပထမဆုံးဖြစ်ပြီး အာဆီယံ နိုင်ငံများရှိ လွှတ်တော်ကိုယ်စားလှယ်များကို အဓိကထား ဖိတ်ကြားခြင်းဖြစ်ကာ စစ်ကောင်စီဘက်က တရားဝင်မှု မရှိသဖြင့် ဖိတ်ကြားမခံရကြောင်း CRPH၊ နိုင်ငံတကာ ဆက်ဆံရေးကော်မတီဝင် ဦးအာကာမျိုးထက်က ဆိုသည်။
“ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်ရှိ ရွှေ့ပြောင်းနေထိုင်သူတွေ၊ သူတို့ရဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ စသဖြင့်ပေါ့နော်။ ဒါမျိုးတွေကိုတော့ ကျွန်တော်တို့ ထိုင်းလွှတ်တော်ကိုယ်စားလှယ်တွေကို တောင်းဆိုခဲ့ပြီး မြန်မာပြည်ရဲ့ လက်ရှိအခြေအနေတွေကို သေချာရှင်းပြနိုင်ခဲ့တယ်” ဟု ၎င်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ ညီလာခံတွင် ကိုဗစ်ကာလကို နိုင်ငံအလိုက် ကျော်ဖြတ်နိုင်မှုများ၊ ကျန်းမာရေး အရေးပေါ် အခြေအနေများကို ရင်ဆိုင်နိုင်ရန် ကြိုတင်ပြင်ဆင်မှုများ၊ ကျန်းမာရေး အကျပ်အတည်းကို တုံ့ပြန်နိုင်ရန် နည်း ပညာဆိုင်ရာ ဆန်းသစ်တီထွင်မှု၊ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု စသည်တို့ကို ဆွေနွေးကြကြောင်း သိရသည်။
မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် CRPH ဘက်မှ အတွင်းရေးမှူး ဦးထွန်းမြင့် ဦးဆောင်သည့် အဖွဲ့ဝင်များ တက်ရောက်ကာ ဒေါ်အောင်ဆန်းစုကြည် NLD အစိုးရလက်ထက်တွင် ကိုဗစ်ကပ်ရောဂါကို ပြည်သူနှင့်အတူ ပူးပေါင်းကျော်ဖြတ်ခဲ့မှုများ စသည်တို့ကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
“ပြီးတဲ့အခါ အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံမှာ ဆိုးဝါးနိမ့်ကျလာတဲ့ ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေတွေကို တင်ပြတယ်။ ERO နယ်မြေတွေ၊ NUG အစိုးရရဲ့ ထိန်းချုပ်နယ်မြေတွေမှာရှိတဲ့ ပြည်သူတွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှုအတွက် လိုအပ်တာတွေကို ဆွေးနွေးခဲ့တယ်” ဟု ဦးအာကာမျိုးထက်က ပြောသည်။
လက်ရှိတွင် CRPH ကို မြန်မာနိုင်ငံ၏ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် တရားဝင် လွှတ်တော်အဖွဲ့အစည်းအဖြစ် နိုင်ငံတကာ ပါလီမန်များအဖွဲ့ (IPU)က အသိအမှတ် ပြုထားပြီး ယခုကဲ့သို့ ဖိတ်ကြားခြင်းဖြစ်ကြောင်း သိရသည်။
ထိုညီလာခံသည် NUG အစိုးရကို ထိုင်းနိုင်ငံဘက်မှ မီးစိမ်းပြလိုက်ခြင်းဖြစ်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ဆက်၍ကြိုးစားတိုးဝင်ရန် အရေးကြီကြောင်း ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းမြန်မာအရေး ဆောင်ရွက်နေသူ AAC ကိုရဲမင်းက သုံးသပ်ပြောဆိုသည်။
“ပထမဆုံး ထိုင်းမြေသို့ ခြေချနိုင်ခြင်း ခရီးစဥ် အောင်မြင်ခဲ့ပါတယ်။ ထိုင်းရောက် မြန်မာတွေအတွက်လည်း အခွင့်အလမ်းတွေ ပေါ်ပေါက်လာလိမ့်မယ်လို့ ယုံကြည်မျှော်လင့်ထားပါတယ်” ဟု ကိုရဲမင်းက ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။
ဓာတ်ပုံ – CRPH
#ထိုင်းနိုင်ငံ #ကျန်းမာရေးနှင့်လုံခြုံရေးဆိုင်ရာညီလာခံ #CRPHတက်ရောက် #ရွှေ့ပြောင်းအရေး #ဆွေးနွေးတောင်းဆို #Ayeyarwaddy_Times