
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၀ ရက်
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်တွင် စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးက စစ်မှုထမ်းအကြောင်းပြ၍ ငွေသိန်းချီ၍ တောင်းယူမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။
ဘိုကလေးမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းအကြောင်းပြ၍ ငွေသိန်းချီ၍ တောင်းယူနေသည့် စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများအနက် ဧရာကျေးရွာအပိုင် အုပ်ချုပ်ရေးမှူး ဦးအုန်းကျော်လည်း ပါဝင်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
“အုပ်ကြီး ဦးအုန်းကျော်ဟာ အရင်က ဒုံကနိကျေးရွာမှာ ရေလှည်းတွန်းရောင်းတဲ့သူပါ၊ အာဏာသိမ်းပြီးနောက်ပိုင်း မြို့နယ်က စစ်တပ်ထောက်ခံသူတွေ နေရာပေးလို့ အုပ်ချုပ်ရေးမှူးဖြစ်လာတယ်။ အခုကျတော့ စစ်မှုထမ်းအကြောင်းပြပြီး ငွေတွေတောင်းယူနေတာ” ဟု ဧရာကျေးရွာရှိ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ဧရာကျေးရွာအပိုင် အုပ်ချုပ်ရေးမှူး ဦးအုန်းကျော်သည် ကျေးရွာရှိ ၁၈နှစ်မှ ၃၅နှစ်အတွင်းရှိသည့် လူငယ်များကို ငွေတောင်းယူသည့်အပြင် ရန်ကုန်၊ မြဝတီ၊ ထိုင်း၊ မလေးရှားတို့ကို သွားရောက်၍ အလုပ်လုပ်ကိုင်နေသည့် လူငယ်များ၏ နေအိမ်များကိုလည်း ပြည်သူ့စစ်မှုထမ်းအကျုံးဝင်သည်ဟုဆိုတာ အချိုးကျငွေတောင်းယူကြောင်း ဒေသခံများထံက သိရသည်။
“တရားမဝင်လုပ်ကိုင်နေတဲ့ သုံးလုံးဒိုင်တို့ နှစ်လုံးထီဒိုင်တွေကလည်း အုပ်ကြီးကို ငါးသိန်းအထက် ပေးကမ်းပြီး လုပ်နေကြတယ်။ ငွေမပေးပဲနေရင် သူကဖမ်းတာ”ဟု ဒေသခံတစ်ဦးက ဆက်လက်ပြောသည်။
ဘိုကလေးမြို့နယ် ဧရာကျေးရွာတွင် လူဦးရေ ၃၂၁၀၊ အိမ်ထောင်စု ၁၀၆၆ စုရှိပြီး ဧရာကျေးရွာအုပ်စုအတွင်း သပေါ့အိုင်ကျေးရွာ၊ ဆေးရိုးကွင်းကျေးရွာ၊ သောင်တာကျေးရွာ၊ အုန်းပင်စုကျေးရွာ နှင့် တောက်တာကုန်း စသည့်ကျေးရွာများရှိကာ ဒေသခံအများစုသည် ပင်လယ်ရေ လုပ်ငန်း၊ အရောင်းအဝယ်လုပ်ငန်းနှင့် လယ်ယာလုပ်ငန်းများ လုပ်ကိုင်ကြကြောင်း သိရသည်။
ဧရာဝတီတိုင်းတွင် စစ်ကောင်စီခန့် ရပ်ကွက်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးအများစုသည် ပြီးခဲ့သည့် အောက်တိုဘာလက စတင်ကာ ပြည်သူ့စစ်မှုထမ်းအကြောင်းပြ ခြိမ်းခြောက်၍ ငွေကြေးတောင်းယူမှုများကို ပိုမိုလုပ်ဆောင်လာကြကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
ဧရာဝတီတိုင်းတွင် မြို့နယ်စုစုပေါင်း ၂၆ မြို့နယ်ရှိပြီး မြို့နယ်အလိုက် နည်းအမျိုးမျိုးဖြင့် ပြည်သူ့စစ်မှုထမ်းများကို စုဆောင်းလျက်ရှိရာ သက်ဆိုင်ရာ စစ်ကောင်စီ၏ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းသို့ ပို့ဆောင်ကာ သင်တန်းပြီးဆုံးပါက ရှေ့တန်းသို့ ပို့ဆောင်လျက်ရှိကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။
ပုံစာ-ဧရာကျေးရွာအုပ်စု စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူး ဦးအုန်းကျော်
#ဘိုကလေး #စစ်ကောင်စီခန့် #ရပ်ကျေးအုပ်ချုပ်ရေးမှူး #စစ်မှုထမ်းအကြောင်းပြ #ငွေသိန်းချီတောင်းယူ #Ayeyarwaddy_Times