နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၀ ရက်

တည်ငြိမ်အေးချမ်း၍ တရားဥပဒေစိုးမိုးကာ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ပြီး သာယာဝပြောသော နိုင်ငံတည်ဆောက်ရာတွင် ပြည်သူတစ်ရပ်လုံးက လူ့အခွင့်အရေးကို လေးစားလိုက်နာ ကျင့်သုံးရန် စစ်ကောင်စီခန့်အပ်ထားသည့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ထုတ်ပြန်ပြော ဆိုသည်။

စစ်ကောင်စီ လက်အောက်ခံ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ယနေ့ ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ကျရောက်သည့် ၇၆ နှစ်၏မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့နှင့် ပတ်သက်၍ ထုတ်ပြန်ရာ၌ ယင်းကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီလက်ဝေခံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် အာဏာသိမ်းပြီးနောက် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပြည်သူကို ပစ်မှတ်ထားကာ လူမျိုးတုန်း သတ်ဖြတ်မှုများကို ဆိုးဆိုးဝါးဝါး ကျူးလွန်နေသော စစ်ကောင်စီ၏ လုပ်ရပ်များကို ချန်လှပ်၍ ၎င်း တို့အနေဖြင့် ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိဟု ဆိုထားသည်။

ယခု ၂၀၂၄ ခုနှစ် တစ်နှစ်တာအတွင်း လူ့အခွင့်အရေး အသိပညာပေး ဆွေးနွေးဟောပြောပွဲများနှင့် သင်ခန်းစာပို့ချမှုများ စုစုပေါင်း ၆၃ ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး သင်တန်းသားပေါင်း ၈၃၉၁ ဦးကို အသိပညာ မျှဝေပေးနိုင်ခဲ့ကြောင်း စစ်ကောင်စီခန့် လူ့အခွင့်အရေးကော်မရှင်က ထုတ်ပြန်ထားသည်။

ယင်းအပြင် လူ့အခွင့်အရေး ဖောက်ဖျက်ခံရသည်ဆိုသော တိုင်တန်းချက် ၂၁၄ စောင်ကို စိစစ်ဆောင်ရွက်ခြင်း၊ အကျဉ်းထောင်/ အချုပ်ထောင် ၁၀ ခု၊ အကျဉ်းစခန်း ၁၂ခု၊ ရဲစခန်းအချုပ်ခန်း ၁၈ ခု၊ တရားရုံးအချုပ်ခန်း ၁၅ ခု စသည်တို့ကိုလည်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

သို့သော် လက်ရှိတွင်မူ စစ်အာဏာသိမ်း သုံးနှစ်ကျော်ကာလအတွင်း လူမှုကွန်ယက်ပေါ်တွင် စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်၍ လူထုလှုပ်ရှားမှုများနှင့် တော်လှန်ရေး အဖွဲ့အစည်းများအား ထောက်ခံအားပေး သည့် ရေးသားမှုများ၊ ပြောဆိုဆက်သွယ်မှုများကြောင့် အများအပြား ဖမ်းဆီးခံနေရကြောင်း သိရသည်။

ထိုကဲ့သို့ စစ်ကောင်စီ၏ ဖမ်းဆီးမှုကြောင့် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီမှ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာအထိ ဖမ်းဆီးခံရသူ စုစုပေါင်း ၁၈၄၀ ဦးရှိကြောင်း Data for Myanma ၏ ဒီဇင်ဘာ ၃ ရက်က အစီရင်ခံစာ ထုတ်ပြန်ချက်အရ သိရသည်။

“စစ်ဖိနပ်ရဲ့ ဖိနှိပ်မှုတွေကြား၊ ရက်စက်မှုတွေကြားထဲမှာ ပြည်သူလူထုက လူ့အခွင့်အရေးလိုချင်တဲ့ ဆန္ဒတွေကို ဆက်လက်ပြီတော့ တိုက်ပွဲဝင်ဆဲဖြစ်ပါတယ်” ဟုလည်း NUG လူ့အခွင့်အရေးဆိုင်ရာဝန် ကြီး ဦးအောင်မျိုးမင်းက ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ နှုတ်ခွန်းဆက်စကားတွင် ထည့်သွင်းပြောဆိုသည်။

အလားတူ စစ်ကောင်စီနှင့် ၎င်း၏လက်ပါးစေများကြောင့် စစ်အာဏာသိမ်းချိန်မှ ဒီဇင်ဘာ ၉ ရက်အထိ ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်း ၆၀၂၅ ဦး သေဆုံးခဲ့ပြီး ၂၇၈၁၀ ဦး ဖမ်းဆီး ခံခဲ့ရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန်ထားသည်။

ယင်းအပြင် ၂၀၂၄ ခုနှစ်၊ ၁၁ လတာကာလအတွင်း နိုင်ငံတဝန်းရှိ အကျဉ်းထောင်များ၌ လုံလောက်သည့် ဆေးဝါးကုသခွင့် မရရှိသောကြောင့် အသက်ဆုံးရှုံးခဲ့ရသူ ၂၄ ဦးအထိ ရှိခဲ့ကာ ယင်းတို့မှာ စစ်ကောင် စီ၏ မတရားဖမ်းဆီး ထိန်းသိမ်းခြင်းခံထားရသူများဖြစ်ကြောင်း သိရသည်။

#ပြည်သူတစ်ရပ်လုံး #လူ့အခွင့်အရေး #လေးစားလိုက်နာကျင့်သုံး #စစ်ကောင်စီ #လူ့အခွင့်အရေးကော်မရှင် #Ayeyarwaddy_Times