ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၀ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေမြင် တင်ကျေးရွာအုပ်စု ရှိအမှတ် ၆ စစ်အခြေခံလေ့ကျင့်ရေးကျောင်းတွင် ဒီဇင်ဘာ ၇ ရက်နေ့ည ပိုင်းကပြည်သူ့စစ်မှုထမ်း အပါတ်စဉ် ၆ သင်တန်းဆင်း ၄၀ဦး ထွက်ပြေးခဲ့ရာ အချို့ပြန်လည်ဖမ်းမိခဲ့ကြောင်း သိရှိရသည်။

အဆိုပါထွက်ပြေးလွတ်မြောက်သူ များထဲမှ ၁၆ ဦးကို ဇင်ပြွန်းကုန်းကျေးရွာအုပ်စု ၊ တောင်ယာကုန်းကျေးရွာတွင် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များမှ တွေ့ရှိအကြောင်းကြားသောကြောင့် ပြန်လည်ဖမ်မိခဲ့ခြင်းဖြစ်သည်။

” မိသွားတဲ့ကောင်လေးတွေက ပြေးရင်းနဲ့ နတခ ဂိတ်နောက်ဘက်နားက တောင်ယာကုန်းဘက်ကိုရောက်သွားတာ။ အဲ့မှာက စစ်မှုထမ်းဟောင်းနဲ့ စစ်တပ်မိသားစုတွေနေကြတော့ ကံဆိုးသွားတာပေါ့”ဟု ဒေသခံတစ်ဦးမှဧရာ၀တီတိုင်းမ်ကိုပြောသည်။

ထွက်ပြေးလာသည့် စစ်သားများကို လာရောက်ဖမ်းဆီးရန် အမှတ် ၆ စစ်အခြေခံလေ့ကျင့်ရေးကျောင်းသို့ အကြောင်းကြားသော်လည်း သက်ကြီးစစ်သားများသာရှိသောကြောင့် လာရောက် ခေါ်ဆောင်နိုင်ခြင်းမရှိပဲ ပုသိမ်မြို့မှ ရဲနှင့်ထွေအုပ်များက လာရောက်ဖမ်းဆီးပေးခဲ့ရကြောင်း ဒေသခံများထံမှသိရှိရသည်။

လက်ရှိတွင် ပြန်လည်ဖမ်းမိသော စစ်ကောင်စီ တပ်သား ၁၆ ဦးကို အနောက်တောင်တိုင်းစစ်ဌာနချုပ်တွင် စစ်ဆေးနေပြီး ကျန် ၂၄ဦးမှာယနေ့အချ်ိန်ထိ ထွက်ပြေးလွတ်မြောက်နေကြောင်းသိရသည်။

ယခု ထွက်ပြေးသော စစ်ကောင်စီတပ်သားများသည် ပြည်သူ့စစ်မှုထမ်း အပါတ်စဥ် ၆ ကို နို၀င်ဘာ နောက်ဆုံးပါတ်အတွင်း သင်တန်းဆင်းခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာလ အစပိုင်းမှစတင်ကာ ရှေ့တန်းစစ်မျက်နှာများသို့အသုတ်ခွဲ၍ ပို့ဆောင်ခံနေရသူများဖြစ်ကြောင်း စစ်ကောင်စီနှင့်နီးစပ်သူများထံမှ သိရှိရသည်။

#ပုသိမ်မြို့ #ရှေ့တန်းသို့ပို့ဆောင်မည့် #စစ်မှုထမ်း #သင်တန်းသား၄၀ဦး #ထွက်ပြေး #အချို့ပြန်အဖမ်းခံရ #Ayeyarwaddy_Times