
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၀ရက်
ဂွမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်များကို အာရက္ခတပ်တော်(AA)က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ တိုက်ပွဲမှာ ဂွမြို့နှင့် လေးမိုင်ခန့်သာ ကွာတော့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၈ ရက်နေ့က ဂွနှင့် လေးမိုင်နီးပါးအကွာရှိ ရဟိုင်းကွင်း ကျေးရွာတွင် စစ်ကောင်စီနှင့် AAတို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေကြောင်း သိရသည်။
“မြို့နဲ့တအားကပ်လာပြီ။ မြို့ထဲကနေတောင် လက်နက်ကြီးသံတွေကြားနေရပါပြီ။ မြို့ခံတချို့တောင် စစ်ရှောင်နေကြပြီ” ဟု ဂွဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တိုက်ပွဲဖြစ်ပွားရာနေရာသို့ စစ်ကောင်စီ၏ ခမရ ၅၆၂နှင့် ခမရ ၅၆၃တပ်ရင်းတို့မှ လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ကူပေးခဲ့ကြောင်း သိရသည်။
AA တပ်ဖွဲ့များက ကြွေချိုင်ကမ်းခြေမှစ၍ ကျေးရွာများကို တောက်လျှောက်သိမ်းပိုက်လာခဲ့ရာ စစ်ကောင်စီတပ်မှာ တပ်စွဲရာ ကျေးရွာများမှ တစ်ချိန်လုံးဆုတ်ခွာပေးခဲ့ရပြီး လက်ရှိတွင် ဂွမြို့အနီးသို့ပင် တိုက်ပွဲရောက်ရှိလာခြင်းဖြစ်၍ တိုက်ပွဲဖြစ်ပွားရာနှင့်အနီးအနားကျေးရွာများမှ ဒေသခံ ၁၀၀၀၀ ကျော်မှာ ဧရာဝတီတိုင်းအတွင်းရှိ ရေကြည်၊ ငါးသိုင်းချောင်းနှင့် အင်္ဂပူမြို့နယ်များအတွင်း စစ်ဘေးရှောင်လာရကြောင်း သိရသည်။
စစ်ဘေးရှောင်အများစုမှာ ဂွမြို့နယ်အတွင်းရှိ ရဟိုင်းဖျား၊ မြွေတွေ့၊ ကွင်းလျှားရှည်၊ ကျောင်းကုန်းနှင့် ရဟိုင်းကွင်းကျေးရွာများမှ ဒေသခံများဖြစ်ပြီး လက်ရှိတွင် ဘုန်းကြီးကျောင်းနှင့် ကျေးရွာ ဓမ္မာရုံများ၌ ခိုကပ်နေထိုင်နေရပြီး စားသောက်နေထိုင်ရေးအတွက် အခက်အခဲများရှိကြောင်း သိရသည်။
AA သည် ရခိုင်ပြည်နယ်အတွင်း တောင်ကုတ် စကခ၊ အမ်း (အနောက်ပိုင်းတိုင်စစ်ဌာနချုပ်-နပခ) နှင့် ဂွမြို့နယ်တို့တွင် စစ်ရေးအပြင်းထန်ဆုံးအခြေအနေဖြစ်နေပြီး လေးလနီးပါးတိုက်ခိုက်ခဲ့သည့် မောင်တော နယ်ခြားစောင့်စခန်း၊ မြို့သူကြီး (နခခ-၅)ကိုလည်း သိမ်းပိုက်ရယူလိုက်ပြီး နယ်စပ် တစ်လျှောက်ကို ထိန်းချုပ်လိုက်ကြောင်း သိရသည်။
ပုံစာ- ငသိုင်းချောင်းမြို့နယ်သို့စစ်ဘေးရှောင်လာသည့် ရခိုင်စစ်ဘေးရှောင်များ
#ဂွ #စစ်ကောင်စီ #AA #တိုက်ပွဲဖြစ် #စစ်ဘေးရှောင် #ဧရာဝတီတိုင်း #Ayeyarwaddy_Times