နိုရာ/ဧရာ၀တီတိုင်းမ်
ဒီဇင်ဘာ ၁၀ ရက်
“ပါစီ့ကို ဖာဖြစ်ဖို့မွေးလာတာ”လို့ ပါစီကပြောပါတယ်။
ပိန်လှီသေးကျစ်တဲ့ခန္ဓာကိုယ်နဲ့ အသားအရည်မွဲခြောက်ခြောက်မှာ ဝဲခြောက်လို အမည်းရောင် အမာရွတ်တွေ ခြေနဲ့လက်တွေမှာ အပြည့်ဖြစ်နေတဲ့ ကလေးမလေးနာမည်က ပါစီပါ။
အသက် ၁၈နှစ်ပြည့်ပြီးပြီလို့ ပါစီက ပြောပေမယ့် သူ့အပြောအဆိုနဲ့ ပိန်လှီသေးငယ်တဲ့ သူ့ခန္ဓာကိုယ်က ၁၃ နှစ်အရွယ်သာသာပဲရှိပါလိမ့်ဦးမယ်။
ပါစီ့အမေ၊ ပါ့စီအစ်မနှစ်ယောက်နဲ့အတူ ပါစီကလည်း လိင်ဖျော်ဖြေရေးအလုပ်ကို လုပ်နေကြပြီး အဖေမတူတဲ့ ပါစီ့အောက်က မောင်ငယ်နှစ်ယောက်နဲ့အတူ နေထိုင်ကြပါတယ်။
ပါစီတို့မိသားစုတွေဟာ ရန်ကုန်မြို့ရဲ့ ရထားဝန်ထမ်းတန်းလျားတစ်ခုမှာ ငှားရမ်းနေထိုင်နေကြတာပါ။ ပါစီတို့ရဲ့ ဖောက်သည်တွေကတော့ ကားတွေကို ညအိပ် ဂတ်စ်စောင့်ထည့်ကြတဲ့ ကားစပါယ်ယာတွေနဲ့ ဒရိုင်ဘာတွေ အများစုဖြစ်ပြီး တည်းခိုခန်းလည်းမလိုဘဲ ရထားလမ်းကူးဂုံးကျော်တံတားအောက် တွေမှာပဲ အလုပ်လုပ်ကြတယ်လို့ သိရပါတယ်။
ပါစီ့အသက် ၁၃နှစ်မှာ လိင်ဖျော်ဖြေရေးအလုပ်ကို စလုပ်လိုက်ရပြီး ပါစီရလိုက်တာက တစ်ကိုယ်လုံးအနှံ့ ဝဲတွေစွဲပြီး ခန္ဓာကိုယ် ဆက်လက်ဖွံ့ဖြိုးခြင်း မရှိတော့တာပါပဲ။
ပါစီတို့မောင်နှမ ငါးယောက်မှာ အဖေက သုံးယောက်ရှိပါတယ်။ ပါစီ့အဖေဘယ်သူလည်းဆိုတာ ပါစီလည်းမသိသလို ပါစီ့အမေကလည်း မသိပါဘူး။ ပါစီ ဆိုတဲ့ ဒီလိုအမည်ဆန်းဆန်းကိုလည်း ဘယ်ဗေဒင်ဆရာ ဆီကမှ တွက်ချက်ထားတာ မဟုတ်ဘဲ ပါစီ့ အမေက လက်လွတ်စပယ်ခေါ်ရင်း အမည်တွင်သွားတာပါ။
ပါစီ အသက် ၅ နှစ်မှာ သူ့အနာဂတ်ဟာ ဘာဆိုတာ နားလည်ပြီးသားဖြစ်နေပါပြီ။ ဖာဖြစ်မယ့် အတူတူတော့ ပါစီကျောင်းနေလည်း မထူးဘူးလို့ သိမှတ်ထားလိုက်ပြီမို့ ပါစီဟာ စာလည်းမတက် ခဲ့ပါဘူးလို့ ထုတ်ပြောပါတယ်။
“ပါစီဟာ ဖာဖြစ်ဖို့မွေးလာတာပါ။ ဒီဝဲခြောက်တွေက အလုပ်လုပ်ပြီး မကြာခင်မှာ ကူးလာတာ။ ပါစီရဲ့ ပါကင်ကြေးဘယ်လောက်ရလဲ ပါစီလည်း မသိဘူး။ သိပ်များမယ်တော့မထင်ပါဘူး။ အမေကလည်း ဒီနယ်ထဲမှာပဲ လုပ်စားနေရတော့ ပါစီတို့လည်း ဈေးကောင်းမရပါဘူး” လို့ ပါစီကပြောပါတယ်။
ပါစီတို့ဟာ လိင်စော်ကားခံရလို့၊ ရောင်းစားခံရလို့ မတရားသွတ်သွင်းခိုင်းစေခံရလို့ ဒီလိင်ဖျော်ဖြေရေး လုပ်ငန်းတွေကို လုပ်ခဲ့ရတာမဟုတ်ဘဲ မျိုးရိုးစဉ်ဆက်လုပ်ငန်းလိုဖြစ်နေလို့ ငြင်းဆန်ရမှာမသိဘဲ မထူးခြားတဲ့ အရောင်းအဝယ် လုပ်ငန်းတစ်ခုလို လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။
လူအဖွဲ့အစည်းအတွင်း မျိုးဆက်အလိုက်သယ်ဆောင်လာတဲ့ စံတန်ဖိုး၊ ထုံးတမ်းစဉ်လာ အလေ့အကျင့်များကို ဆက်လက် လက်ခံကျင့်သုံးခြင်း၊လူမှုရေးဆိုင်ရာ စံတန်ဖိုးများအတိုင်း လိုက်နာကျင့်သုံးစေခြင်း၊ အယူဝါဒမှိုင်းတိုက်ခံရခြင်းနဲ့ လူမှုရေးပိုင်းတွင် ဖယ်ထားခြင်း ဖယ်ကြဉ်ခြင်း ဆိုတဲ့ အချက်တွေကြောင့်လည်း ပါစီတို့ဟာ ပတ်ဝန်းကျင်မှာ ဒီအလုပ်ကလွဲပြီး ရွေးချယ်စရာမရှိခဲ့ပါဘူး။
ပါစီတို့နေတဲ့ တန်းလျားဟာ ရပ်ကွက်နဲ့ အတန်အသင့်သာ ဝေးပေမယ့် ပါစီတို့မှာ မိတ်ဆွေလည်း မရှိပါဘူး။ အိမ်နီးချင်းတန်းလျားက လူတွေဟာလည်း အခေါ်အပြောတော့ရှိပေမယ့် ပါစီတို့ဟာ ဘယ်သူနဲ့မှ ရင်းနှီးတဲ့ ဆက်ဆံရေးလည်း မရှိပါဘူး။
ပါစီ့အစ်မနှစ်ယောက်ဟာလည်း ဈေးကောင်းမရတဲ့ လိင်ဖျော်ဖြေရေးလုပ်သားတွေပါပဲ။ အသစ်တွေ ကိုသာ မြည်းစမ်းလိုတဲ့ လိင်ဖောက်သည်တွေအတွက် ပါစီတို့ ညီအစ်မတွေဟာ ဈေးကောင်း မရတာမဆန်းပါဘူးလို့ ပါစီကပြောပါတယ်။
“ဒီနားဝန်းကျင်က ပါစီတို့ဂွင်ဖြစ်နေတော့ အုပ်စုဖွဲ့ ကြမ်းရမ်းခံရတာမျိုးတော့မရှိဘူး။ အစ်မလတ် ကတော့ နှစ်ခါလား အရိုက်ခံရတယ်။ ပါတဲ့ပိုက်ဆံတွေပါလုသွားတာ ကြုံဖူးတယ်” လို့ ပါစီက ပြောပါတယ်။
ပါစီရဲ့ အစ်မလတ်ဖြစ်သူကို လိင်ပျော်ပါးမယ့်သူက ရထားလမ်းဂုံးကျော်တံတားအောက်ခေါ်သွားပြီး ပျော်ပါးမယ့်နေရာမှာ လူ ဒါဇင်လောက်နဲ့ အကြမ်းဖက် လိင်ဆက်ဆံခဲ့ပြီး ရိုက်နှက်ကာ ပါလာတဲ့ ငွေကြေးတွေကိုပါ လုယူသွားတာပါ။
မြန်မာနိုင်ငံရဲ့ ၁၉၄၉ ပြည့်တန်ဆာ နှိပ်ကွပ်ရေးဥပဒေအရ ပြည့်တန်ဆာတစ်ယောက်ဟာ အကြမ်းဖက်ခံရလို့တိုင်တန်းရင်တောင် သူဟာအရင်ဆုံး ပြည့် တန်ဆာနှိပ်ကွပ်ရေးဥပဒေနဲ့ အဖမ်းခံရ နိုင်ပါတယ်။
ဥပဒေအကြောင်းအရာကို သိလို့မဟုတ်ဘဲ “ငါတို့က ပြည့်တန်ဆာမို့ တိုင်လို့လည်း မထူးဘူး။ ငါတို့အရင်အဖမ်းခံထိမှာဆိုတဲ့ အသိနဲ့ပဲ အကြမ်းဖက်ခံရတာကို ငြိမ်ခံခဲ့ရတယ်” လို့ ပါစီက သူ့အစ်မရဲ့ ဖြစ်ရပ်ကို ပြန်ပြောပြပါတယ်။
အခုလိုငွေကြေးနဲ့ အလုပ်အကိုင်ပါးရှားလာချိန်မှာ ပါစီတို့ဟာ နယ်မြေပြောင်းပြီးအလုပ်လုပ်တာပဲ ဖြစ်ဖြစ် လခစားနဲ့ လုပ်ရတဲ့အလုပ်တစ်ခုကိုဖြစ်ဖြစ် ပြောင်းဖို့ ရည်ရွယ်ချက်ရှိတယ်လို့ ပြောပါတယ်။
ဟုတ်ပါတယ်။ ဒီလိင်ဖျော်ဖြေရေးလုပ်ငန်းကို လခစားနဲ့လုပ်ကိုင်သူတွေလည်းရှိလို့လာပါပြီ။ နေ့စဉ် အလုပ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လခနဲ့ လုပ်ခငွေကို ရှင်းပေးတာပါ။
အလုပ် လုပ်ရတဲ့ အကြိမ်များရင်များသလို အပိုငွေကြေးလည်းပေးတယ်လို့လည်း သိရပါတယ်။ အနိမ့်ဆုံးလစာ သုံးသိန်း ကနေ စပြီးပေးတဲ့ လိင်လုပ်သားခေါင်းတွေရှိတယ်လို့လည်း သိရပါတယ်။
လိင်လုပ်သားတွေရဲ့ ခေါင်းဆောင်ဟာ သူထည့်ပေးလိုက်တဲ့ လိင်လုပ်သားရဲ့ လုံခြုံရေးကို တာဝန်ယူသလို အချိန်ပိုင်းဆိုရင်လည်း အချိန်ပြည့်တာနဲ့ သွား ရောက်ခေါ်ထုတ်ယူတာမို့ လိင်အကြမ်းဖက်ခံရတဲ့ ဒဏ်ကနေတော့ ကာကွယ်ပေးနိုင်တယ်လို့သိရပါတယ်။
စစ်အာဏာသိမ်းပြီးနောက်မှာ လိင်လုပ်သားအမျိုးသမီးတွေဟာ အကြမ်းဖက်မှုကို ပိုခံစားလာရပြီး အကြမ်းဖက်သူအများစုဟာ အာဏာလက်ကိုင်ထားတဲ့ ရဲနဲ့ စစ်သားတွေဖြစ်တယ်လို့လည်း လိင်လုပ်ငန်း လုပ်ဆောင်သူတွေဆီကနေ သိရပါတယ်။
“လှည့်ကင်းကားတွေတော့ ဝေးဝေးကရှောင်တယ်။ အုပ်စုဖွဲ့ မုဒိမ်းကျင့်တာ ရိုက်နှက်တာအပြင် ရက်နဲ့ချီပြီး ဖမ်းထားသေးတာ။ ပါစီ့ သူငယ်ချင်းတွေခံခဲ့ရပြီးပြီ” လို့ ပါစီကပြောပါတယ်။
ဥပဒေမဲ့ အာဏာသိမ်းပြီးနောက်မှာ ဥပဒေဟာ လည်ဝယ်သူတွေနဲ့ အာဏာရှင်တွေလက်ထဲ လိုသလို အသုံးချခံနေရပြီး အပယ်ခံလုပ်ငန်းတစ်ခုဖြစ်တဲ့ လိင်လုပ်သားတွေအတွက် ကာကွယ်ပေးမှု တစိုးတစိ တောင်မရဘဲ အကြမ်းဖက်ခံနေရတာပဲဖြစ်ပါတယ်။
နိုင်ငံတကာမှာတော့ အပြည်ပြည်ဆိုင်ရာ လိင်လုပ်သားများအပေါ် အကြမ်း ဖက်မှု အဆုံးသတ်ရေးနေ့ကို နှစ်စဉ် ဒီဇင်ဘာ ၁၇ ရက်နေ့မှာ သတ်မှတ်ကျင်းပခဲ့ပြီး ၂၀၀၃ခုနှစ်ကတည်းက စတင်သတ်မှတ် ကျင်းပပေးခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဟာ လိင်လုပ်သားများပေါ်တွင်သာမက သူတို့ စစ်ကြောင်းထိုးနေရာယူတဲ့ ကျေးလက်နဲ့ မြို့နယ်တွေမှာ အမျိုးသမီးများအပေါ် လိင်အကြမ်းဖက်မှုကို ဆက်တိုက်ကျူးလွန်နေတာပဲ ဖြစ်ပါတယ်။
လိင်အကြမ်းဖက်မှုကို လက်နက်သဖွယ်ကျူးလွန်လာတဲ့ စစ်ကောင်စီတွေလက်ထဲ လိင်လုပ်သားတွေ ဘဝဟာ ပိုပြီး အကာအကွယ်မဲ့လာပါတယ်။
“အစ်မတို့ ဒီမိုကရေစီအစိုးရလက်ထပ်မှာတော့ လိင်လုပ်သားတွေအတွက် ပညာပေးတာတွေ၊ ထပ်ဆင့်ရောဂါပိုးဖြန့်ဝေသူမဖြစ်အောင် အကာအကွယ်သုံးရေးတွေ၊ ကူညီစောင့်ရှောက်မှုတွေအများ ကြီးလုပ်ခဲ့တယ်။ အာဏာသိမ်းပြီးနောက်တော့ ကူညီသူ အစ်မတို့တွေကို စကစ(စစ်ကောင်စီ)ဘက်က ဖမ်းဆီးတာတွေ၊ အကူအညီပေးရေးလုပ်ငန်းစဉ်တွေကိုနှောင့်ယှက်တာတွေရှိလာတော့ အစ်မတို့ အများကြီး လုပ်ရခက်ခဲလာပါတယ်” လို့ လိင်လုပ်သားတွေကို အကူအညီပေးနေတဲ့ ရန်ကုန်မြို့မှာ နေထိုင်သူ အမျိုးသမီးတစ်ဦးကပြောပါတယ်။
အမျိုးသမီးရေး အကူအညီပေးနေတဲ့ အဖွဲ့အစည်းအများစုဟာလည်း စစ်ကောင်စီရဲ့ ဖမ်းဝရမ်းထုတ် ဖမ်းဆီးတာတွေပြုလုပ်တဲ့အတွက် ပြည်ပနဲ့ နယ်စပ်ဒေသတွေမှာ နေထိုင်ပြီး ကူညီကြရတဲ့အတွက် ထိရောက်မှု အားနည်းနေတယ်လို့ သိရပါတယ်။
အာဏာသိမ်းစစ်ကောင်စီလက်ထပ်မှာတော့ လိင်လုပ်သားတွေကို ကူညီကယ်ဆယ်ဖို့ဆိုတာ မမျှော်မှန်း သင့်တဲ့ အရာလိုပါပဲ။ အကြမ်းဖက်မှုတွေက ဆက်ရှိနေဦးမှာဖြစ်ပြီး လိင်မှတဆင့် ပြန့်ပွား ကူးစက်တတ်တဲ့ရောဂါတွေကိုလည်း တားဆီးနိုင်မှာ မဟုတ်ပါဘူး။
လတ်တလော စစ်ရေးပြင်းထန်နေတဲ့ နေရာတွေဖြစ်တဲ့ စစ်ကိုင်းနဲ့ ရခိုင်မှာ HIVဝေဒနာသည် တွေသောက်ရတဲ့ ART အပါအဝင် ဆေးဝါးအချို့ပြတ်လပ်နေတယ်လို့သိရပါတယ်။
အာဏာသိမ်းဖြစ်စဉ်မှာ အမျိုးသမီးနဲ့ ကလေးသူငယ်အများစုဟာ လိင်အကြမ်းဖက်ခံ၊ လိင်အမြတ် ထုတ်ခံနေရပြီး အဲဒီ့ဖြစ်စဉ်တွေ ကျူးလွန်ခဲ့သူတွေကို ထိထိရောက်ရောက် ပြစ်ဒဏ်ပေးခံ ရမှုတွေမရှိဘူးလို့ သိရပါတယ်။
အသက် ၁၃နှစ်နဲ့ လိင်ဖျော်ဖြေရေးလုပ်ငန်းကို လုပ်ကိုင်လာရတဲ့ ပါစီဟာ လိင်ဆက်ဆံဖော်တွေက အကာအကွယ်အသုံးမပြုဘဲ နေထိုင်တာကို လက်ခံရတယ်လို့ ပြောပြပါတယ်။
“ရောဂါကူးလည်းမတတ်နိုင်ဘူး။ အများစုက ကွန်ဒုံးမသုံးချင်ကြဘူး။ ဝဲတွေကူးပြီး အမာရွတ်တွေ ဖြစ်ကုန်တယ်။ အမေတို့လည်း ဝဲတွေပေါက်တာပဲ။ မထူးဆန်းတော့ဘူး” လို့ ပါစီကပြောပါတယ်။
ပါစီပြောသလိုပါပဲ။
“ပါစီဟာ ဖာဖြစ်ဖို့မွေးလာတာ” တဲ့လား။
#ပါစီ #အမျိုးသမီးကဏ္ဍဆောင်းပါး #Ayeyarwaddy_Times
(မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းမှုကြောင့် လက်ရှိအမျိုးသမီးများ ရင်ဆိုင်နေရသည့် အခက်အခဲ၊ စိန်ခေါ်မှုနှင့် ကျော်ဖြတ်ခဲ့ရသည့်အခြေအနေများအပြင် အမျိုးသမီးများဦးဆောင်၍ လုပ်ဆောင်နေသည့် အကြောင်းအရာများကို “အမျိုးသမီးကဏ္ဍ” အနေဖြင့် အပတ်စဉ် အင်္ဂါနေတိုင်း တင်ဆက်ပေးနိုင်ရန် ကြိုးစားသွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုနိုင်ပါကြောင်း ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အသိပေးအပ်ပါသည်။)