ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၉ရက်

အာရက္ခတပ်တော် (AA) သိမ်းပိုက်ရယူလိုက်သည့် မောင်တော အမှတ်(၅) နယ်ခြားစောင့်စခန်း (နခခ-၅) မြို့သူကြီး အတွင်းမှ ARSA တပ်ဖွဲ့၏ အကူအညီဖြင့် နတ်မြစ်အတွင်း ထွက်ပြေးသွားသော စကခ ၁၅ ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းကို AA က ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဒီဇင်ဘာ ၈ရက်နေ့ ညပိုင်းတွင် ဗိုလ်မှူးချုပ်သူရိန် ထွန်းအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ARSA တပ်ဖွဲ့ဝင် အင်အား ၈၀ ပါအဖွဲ့ကို AAက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

“နတ်မြစ်ကနေ လှေနဲ့ပြေးဖို့ လုပ်နေကြတာလို့ သိရပါတယ်။ ညပိုင်းကဖမ်းမိသွားတယ်ဆိုတာ အတည်ပြုနိုင်ပါတယ်” ဟု ရခိုင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

အမှတ်(၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းသည် နခခ ၅အတွင်း လက်နက်၊ခဲယမ်းနှင့် စားနပ်ရိက္ခာမရှိတော့ဘဲ ပိတ်မိနေသည့် အောက်ခြေစစ်သားနှင့် ရဲများကို ထားခဲ့ကာ စစ်အရာရှိတချို့နှင့် ကိုယ်လွတ်ရုန်းထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နတ်မြစ်မှတဆင့် စစ်ကောင်စီသင်္ဘောများထံ လှေနှင့်ထွက်ပြေးရန်အတွက် ARSA၊ ARA၊ RSO စသည့် မူဆလင်လက်နက်ကိုင်အဖွဲ့များ၏ အကူအညီကိုရယူခဲ့ကြောင်း သိရသည်။

မူဆလင်လက်နက်ကိုင်အဖွဲ့များက ဗိုလ်မှူးချုပ်သူရိန်ထွန်းနှင့်အဖွဲ့ လွတ်မြောက်ရန် AAကို တိုက်ခိုက်ခဲ့သည့်အတွက် နတ်မြစ်၌ တိုက်ပွဲများ ဆက်လက်ရှိနေခဲ့ပြီး ယမန်နေ့ညပိုင်းက မူဆလင်လက်နက်ကိုင်အချို့နှင့် ဗိုလ်မှူးချုပ်သူရိန်ထွန်းတို့ကို AAက ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

ဗိုလ်မှူးချုပ်သူရိန်ထွန်းသည် ဘူးသီးတောင်နှင့်မောင်တောရှိ ဒေသခံများသတ်ဖြတ်ခံရမှုနှင့် AAအလိုမရှိကြောင်း ဆန္ဒပြပွဲများ၊ မူဆလင်လက်နက်ကိုင်များနှင့်ပူးပေါင်း၍ ဒေသခံများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးမှုများကို အဓိက ဦးဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

နတ်မြစ်တလျှောက် စစ်ကောင်စီအဖွဲ့များနှင့် ARSA၊ARA၊ RSO အစရှိသော လက်နက်ကိုင်အဖွဲ့များ ထွက်ပြေးလွတ်မြောက်နေသည့်အတွက် နတ်မြစ်ဝန်းကျင်ကို အသုံးမပြုကြရန် ယမန်နေ့ ဒီဇင်ဘာ ၈ရက်နေ့ ညနေပိုင်းတွင် AA က ထုတ်ပြန်ထားသည်။

ပုံစာ-ဗိုလ်မှူးချုပ်သူရိန်ထွန်း

#မောင်တော #စကခ၁၅ #ကွပ်ကဲရေးမှူး #ဗိုလ်မှူးချုပ်သူရိန်ထွန်း #AA #ဖမ်းမိ #Ayeyarwaddy_Times