ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၉ရက်

ဗန်းမော်မြို့တွင်း တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က မြို့ပေါ်ရှိ နေရာအများစုကို သိမ်းပိုက်နေရာယူထားပြီး ဖြစ်ကြောင်း သိရသည်။

ယမန်နေ့ ဒီဇင်ဘာ ၈ ရက်နေ့ ညပိုင်းက မြို့ပေါ် ၁၆ ရပ်ကွက်လုံးနှင့် မြို့ပြင်ကိုပါ ဆက်လက်ရှင်းလင်းနေပြီး စစ်ကောင်စီထံက လက်နက်ခဲယမ်းအချို့ပါသိမ်းဆည်းရရှိထားကြောင်း ကချင်သတင်းရင်းမြစ်ထံက သိရသည်။

“Grand Hotel၊ Friendish Hotelတွေနားထိ KIA က နေရာယူထားပြီ။ စကခ ၂၁ ထဲက လက်နက်ကြီးတွေနဲ့ ထုထားတယ်။ ပိတ်မိနေတဲ့ ပြည်သူတွေရှိနေတုန်းပဲ” ဟု ကချင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် မြို့မရဲစခန်းအပါအဝင် ဌာနဆိုင်ရာပေါင်းစုံ ရုံးချုပ်ကြီးနှင့် အထပ်မြင့်ဟိုတယ်များကိုပါ KIA က ဝင်ရောက်နေရာယူထားနိုင်ပြီဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီ၏ စကခ ၂၁ဌာနချုပ်အတွင်းသို့လည်း ၁၂၀မမ ဗုံးသီးများဖြင့် ပစ်ခတ်ထားနိုင်ခဲ့ပြီး တပ်ရင်း တပ်စခန်းအချို့ကိုလည်း KIA က စစ်မျက်နှာဖြန့်တိုက်ခိုက်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၄ ရက်နေ့ နံနက် ၄နာရီခန့်က စတင်ခဲ့သည့် ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း လေယာဉ်ဗုံးကြဲခံရမှုနှင့် စကခ ၂၁ အတွင်းမှပစ်ခတ်သည့် လက်နက်ကြီးများကြောင့် ဒေသခံ ဒါဇင်ကျော် သေဆုံးမှုရှိကြောင်း စစ်ရှောင်လာသည့် ဒေသခံများထံက သိရသည်။

ဗန်းမော်တွင် စစ်ကောင်စီ၏ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁) ဌာနချုပ်အပါအဝင် စစ်ဖက်ရေးရာလုံခြုံရေးတပ်စု၊ ခလရ ၄၇၊ ခလရ၂၃၆၊ ခလရ ၂၃၇၊ ထပခ ၉၃၃ ထောက်ပံ့ပို့ဆောင်ရေးတပ်၊ အမှတ် (၁၁) စစ်မြေပြင်ဆေးတပ်ရင်း၊ ဆက်သွယ်ရေးတပ်၊ အမတ (၃၁၄) အမြောက်တပ်၊ အမှတ် (၃၆၆)အမြောက်တပ်၊ အမှတ် (၅၀၁၄)တင့်ကားတပ်ရင်း၊ အမှတ် (၇၀၀၆) သံချပ်ကာတပ်ရင်း၊ အမှတ် (၉၁၄)စစ်အင်ဂျင်နီယာတပ်၊ အမှတ် (၉၄၄)ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ၊ တပ်မ (၈၈)လက်အောက်ခံ တပ်ရင်း သံုးခုတို့ရှိကြောင်း သိရသည်။

ဗန်းမော်မြို့သိမ်း ၅ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ၏ ကာကင်းစခန်းများနှင့် တပ်စခန်း ၁၀ခုကျော်ကို KIAက သိမ်းပိုက်ထားကြောင်း သိရသည်။

ဓာတ်ပုံ-ကချင်တောင်တန်း
ပုံစာ- စကခ ၂၁အတွင်း လက်နက်ကြီးဖြင့်ပစ်ခတ်နေစဉ်
#ဗန်းမော် #တိုက်ပွဲပြင်းထန် #မြို့ပေါ်၁၆ရပ်ကွက် #KIAနေရာယူ #Ayeyarwaddy_Times