ဓာတ်ပုံ - Frontier Myanmar

ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၈ ရက်

Wave Money၊ Kpay စတဲ့ အွန်လိုင်းငွေကြေးဝန်ဆောင်မှုတို့မှ ငွေလွှဲ၊ ငွေထုတ်ပြုလုပ်သူတွေကို သြဂုတ်လ ၁၅ ရက်နေ့မှ လျှို့ဝှက်စွာဓာတ်ပုံရိုက်ထားကြဖို့ Wave နဲ့ Kpay ကိုယ်စားလှယ်တွေကို ဗဟိုဘဏ်ညွှန်ကြားထားကြောင်း ဗဟိုဘဏ်ညွှန်ကြားချက်အရ သိရသည်။

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာသတ်မှတ်ချက် များအရ သြဂုတ် ၁၅ ရက်နေ့က ညွှန်ကြားချက်ထုတ်ပြန်ထားခြင်းဖြစ်သည်။

” ဒီလိုညွှန်ကြားတာဟာ စစ်ကောင်စီက ပြည်သူတွေအနေနဲ့ တော်လှန်ရေးအင်အားစုတွေကိုလှူဒါန်းနေတာတွေကို ထိန်းချုပ်ချင်နေတာဖြစ်တယ်။ နောက်တစ်ခုက ငွေသွင်း၊ငွေထုတ်လုပ်တဲ့သူတွေကိုလည်း လျှို့ဝှက်မှတ်တမ်းယူ ဓာတ်ပုံရိုက်ခိုင်းတာဟာလည်း ပြည်သူတွေရဲ့လွတ်လပ်ခွင့်ကို ချိုးဖောက်တာဖြစ်ပါတယ်။ စစ်အာဏာရှင်သက်ဆိုးရှည်နေသ၍ ပြည်သူတွေအနေနဲ့ဆက်ပြီး ဖိနှိပ်ခံနေရဦးမှာဖြစ်ပါတယ်” ဟု ရန်ကုန်မြို့ခံ န်ိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ ညွှန်ကြားချက်အရ Wave၊ Kpay စသည့် မိုဘိုင်းငွေကြေးစာရင်းအသစ်ဖွင့်လှစ်ခြင်းအား သြဂုတ်လ ၁၅ ရက်မှစတင်၍ နာမည်နှင့်မှတ်ပုံတင်ရှေ့၊ နောက်ပုံအပါအဝင် သတ်မှတ်ထားသည့် အချက်အလက်ပြည့်စုံမှသာဖွင့်လှစ်ပေးရန် ညွန်ကြားထားကြောင်းလည်း သိရသည်။

ထို့ကြောင့် မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၊မိုဘိုင်းပေးလုပ်ငန်းဆောင်ရွက်နေသည့်ဘဏ်များအနေဖြင့် မိုဘိုင်းငွေကြေးစာရင်းအသစ်ဖွင့်လှစ်ခြင်းအား အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ နိုင်ငံသားစိစစ်ရေးကတ်(အရှေ့/အနောက်)ပုံ၊ ဖုန်းနံပါတ်၊ Face ID (Live Photo) စသည့် Know Your Customer (KYC)အချက်အလက်အပြည့်အစုံရယူပြီးမှသာဖွင့်လှစ်ပေးရမည်ဖြစ်သည်ဟု ရေးသားဖော်ပြထားသည်။

လက်ရှိစာရင်းဖွင့်ပေးထားသည့် Data Base အတွင်းရှိ Level 1 အကောင့်များအား KYC အချက်အလက်အပြည့်အစုံရယူ၍ Level 2 အကောင့်သို့ အဆင့်မြှင့်တင်ခြင်းအား (၃)လအ တွင်းအပြီးအစီးဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

Mobile Application မှတစ်ဆင့် မိုဘိုင်းငွေကြေးစာရင်းဖွင့်လှစ်ထားသူအချင်းချင်း ငွေလွှဲရာတွင် ငွေလွှဲပို့သူမှငွေလက်ခံမည့်သူ၏ဖုန်းနံပါတ်ကို Application တွင် ထည့်သွင်းသည်နှင့်တစ်ပြိုင်နက် တစ်ဖက်စာရင်းပိုင်ရှင်(လက်ခံသူ) ၏အမည်ကို ဖော်ပြထားနိုင်ရန် 5ystem တွင်လိုအပ်သည့် ပြင်ဆင်မှုများအား အမြန်ဆုံး ဆောင်ရွက်ကာ ဆောင်ရွက်ပြီးစီးမှုကိုတင်ပြရမည်ဖြစ်ကြောင်း သိရသည်။

အလားတူ ကိုယ်စားလှယ်မှတစ်ဆင့် ငွေလွှဲ/ငွေထုတ်ရာတွင် ဖုန်းနံပါတ်ထည့်သွင်းခြင်း၊ လျှို့ ဝှက်နံပါတ်အသုံးပြုခြင်းအပြင် ငွေလွှဲပို့သူနှင့်ငွေလက်ခံသူ၏အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ နိုင်ငံသားစိစစ်ရေးကတ်(အရှေ့/အ နောက်)ပုံ၊ ဖုန်းနံပါတ်၊ နေရပ်လိပ်စာ၊ ငွေလွှဲပို့သည့်အကြောင်းအရင်းတို့အား ကိုယ်စားလှယ်မှ အပြည့်အစုံရယူထားရမည်ဟု ထုတ်ပြန်ခဲ့သည်။

ကိုယ်စားလှယ်များအနေဖြင့် ငွေထုတ်ပေးရာတွင် အချက်အလက်များအပြင် ငွေထုတ်ယူသူ၏ ဖုန်း SMS မှ ငွေလွှဲပြေစာအမှတ်လျှို့ဝှက်နံပါတ်အား တိုက်ဆိုင်စစ်ဆေး၍ SMS လက်ခံရရှိသည့် မူရင်းဖုန်းနံပါတ်ပိုင်ရှင်ကိုသာ ငွေထုတ်ပေးရမည်ဖြစ်သည်ဟု ညွှန်းကြားချက်တွင် ရေးသားဖော်ပြထားသည်။

ထို့ပြင် ငွေလွှဲ၊ငွေထုတ်သူအား မှတ်တမ်းတင်ထားနိုင်ရန် Agent ဆိုင်များ၌ CCTV တပ်ဆင်ခြင်း (သို့)ငွေလွှဲ၊ငွေထုတ်သူအား လျှို့ဝှက်စွာဓာတ်ပုံရိုက်ယူထားရမည်ဖြစ်ကာ မိုဘိုင်းငွေကြေးစာရင်းအား ဘဏ်ငွေစာရင်းနှင့်ချိတ်ဆက်ဆောင်ရွက်ပါက ဘဏ်စာရင်းပိုင်ရှင်အမည်၊ ဘဏ်အမည်၊ ဘဏ်ငွေစာရင်းအမှတ်တို့ကိုလည်း ထည့်သွင်းဖော်ပြရမည်ဖြစ်ကြောင်း သိရသည်။

အလားတူ ကိုယ်စားလှယ်များနှင့်မိုဘိုင်းငွေရေး ကြေးရေးဝန်ဆောင်မှုလုပ်ငန်းများဆိုင်ရာစည်း မျဉ်း၊ အခန်း ၅၊ အပိုဒ် ၁၇ (ဂ) အရ ဖွင့်လှစ်ထားသည့် Level 3 အကောင့် User များ၏ သက်ဆိုင်ရာရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူး၏ထောက်ခံစာ နှင့်ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်းထောက်ခံစာတို့ကိုလည်း ပူးတွဲရယူထားရမည်ဟု ဗဟိုဘဏ်၏ ညွှန်ကြားချက်အရ သိရသည်။