ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၈ ရက်

တိုးတက်ဖွံ့ဖြိုးစပြုနေပြီဖြစ်သည့်နိုင်ငံကို အာဏာသိမ်းယူလိုက်သည့် စစ်ခေါင်း‌ဆောင် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်က နိုင်ငံ၏အုပ်ချုပ်ရေးကဏ္ဍများတွင် စစ်တပ်ကဝင်ရောက်စွက်ဖက် သွားမည် ဆိုသည့် အဓိပ္ပာယ်သက်ရောက်သော စကားများကို ဗိုလ်လောင်းသင်တန်းဆင်းပွဲတွင် ပြောကြားခဲ့ကြောင်း သိရသည်။

အောင်မြင်စွာ ပြီးမြောက်သွားသည့် နိုင်ငံ၏ရွေးကောက်ရလဒ်ကို မဲလိမ်မဲခိုးကာ မဲမသမာမှု ပြုလုပ်သည်ဆိုသည့် အထောက်အထားမပြနိုင်သော စွပ်စွဲချက်ဖြင့် အာဏာသိမ်းယူလိုက်သည့် စစ်ခေါင်းဆောင်က ရွေးကောက်ပွဲကို စည်းစနစ်တကျပြန်လည် ကျင်းပမည်ဟုလည်း ပြောဆိုခဲ့သည်။

ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ်စစ်ရေးပြကွင်းတွင် ယမန်နေ့ ဒီဇင်ဘာ ၆ ရက်နေ့က ကျင်းပသည့် စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၆၆) သင်တန်းဆင်းဂုဏ်ပြု စစ်ရေးပြအခမ်းအနားတွင် အထက်ပါစကားများကို စစ်ခေါင်းဆောင်က ပြောကြားခဲ့ခြင်းဖြစ်သည်။

“ရွေးကောက်ပွဲ စည်းစနစ်တကျ ကျင်းပပြီး ထွက်ပေါ်လာသည့်အစိုးရကို နိုင်ငံတာဝန်များ လွှဲအပ်နိုင်ရေး လုပ်ဆောင်ရာတွင် ကျရာအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ကြရန် စစ်တက္ကသိုလ်ဗိုလ်လောင်း သင်တန်းဆင်းပွဲတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ခြင်းဖြစ်သည်။

စစ်ခေါင်းဆောင်၏လုပ်ရပ်နှင့် ပြောစကားများသည် ယခုဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေနှင့် တိုက် ရိုက်ဆန့်ကျင်နေပြီး ယုတ္တိမရှိဟန်ပြအလုပ်များအဖြစ်သာ နိုင်ငံအပေါ်သက်ရောက်မှုရှိနေကြောင်း စစ်ရေးလေ့လာသုံးသပ်သူများကဆိုသည်။

“မင်းအောင်လှိုင်က စစ်တပ်ရဲ့ပါဝင်မှုကဏ္ဍကို လွဲမှားစွာအသုံးပြုနေတာ။ နိုင်ငံကိုကာကွယ်ရမယ့်သူက နိုင်ငံအုပ်ချုပ်ရေးကို အတင်းဝင်ရောက် စွက်ဖက်နေကတည်းက စစ်တပ်ရဲ့ပုံရိပ်က လားရာ မကောင်းနိုင်ဘူး” ဟု စစ်ရေးလေ့လာသုံးသပ်သူ တစ်ဦးကဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် စစ်တက္ကသိုလ်မှ သင်တန်းဆင်းလာသည့် ဗိုလ်လောင်းများကိုလည်း စစ်တပ်ပါဝင်ရမည့် အခန်းကဏ္ဍမဟုတ်သော ရွေးကောက်ပွဲအကြောင်းအရာနှင့် ထွက်ပေါ်လာသည့် အစိုးရကို အာဏာလွှဲ ရေးစသည့်အကြောင်းအရာများအား သင်တန်းဆင်းပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။

တပ်မတော်သည် နိုင်ငံတော်၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး အဖွဲ့အစည်းနှင့်နိုင်ငံတော်အပေါ် သစ္စာစောင့်သိကာ ပေးအပ်သည့်တာဝန်များကို အောင်မြင်ကျေ ပွန်စွာ ထမ်းဆောင်သွားရန် လိုကြောင်းလည်း စစ်ခေါင်းဆောင်က ပြောဆိုခဲ့သည်။

တပ်မတော်သားများသည် ပြည်သူကြားမှ ပေါက်ဖွား လာခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည့် စစ်ခေါင်း ဆောင်သည် ယခုသင်တန်းဆင်းပွဲသို့ တက်ရောက်ရန် အစီအစဉ်ကိုပင် လျှို့ဝှက်ထားခဲ့ပြီး စစ်ဆင်ရေး အထူးအဖွဲ့မှူး(ကစထမှူး) အဆင့်ရှိသည့် စစ်အရာရှိများကပါ ခရီးစဉ်လုံခြုံရေး ယူပေးခဲ့ရ သည်။

စစ်ခေါင်းဆောင်သည် ပြီးခဲ့သည့် ဧပြီလအတွင်းက ပြင်ဦးလွင်မြို့သို့ ရောက်ရှိနေချိန်တွင် တော်လှန်ရေး တပ်ပေါင်းစုများက စစ်တက္ကသိုလ်မှ ဗိုလ်လောင်းများနှင့် အရာရှိများ ဂုဏ်ပြုညစာစားပွဲပြုလုပ်နေသည့် နေရာနှင့် စစ်ခေါင်းတည်းခိုသည့်နေရာတို့ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခဲ့သည်။

ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခံရသည့်အချိန်တွင် စစ်ခေါင်းဆောင်က ၎င်း၏သက်တော်စောင့်များကို ခေါ်ယူကာ ညတွင်း ချင်း လေယာဉ်ဖြင့် နေပြည်တော်သို့ ပြန်ပြေးသွားခဲ့သည်။

ပြည်သူအများ၏ လိုလားမှုဖြင့်အောင်မြင်ခဲ့သည့် ရွေးကောက်ပွဲကို လက်ခံခြင်းမရှိဘဲ အာဏာသိမ်းယူထားသည့် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရွေးကောက်ပွဲအသစ် ထပ်မံကျင်းပပြီး ထွက်ပေါ်လာသည့် အစိုးရကို အာဏာလွှဲအပ်ရေး အကြိမ်ကြိမ်ပြောဆိုနေသည့် အပြောနှင့်လုပ်ရပ်အပေါ် ပြည်သူများက ယုံကြည်မှုကင်းမဲ့လာကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ဆိုသည်။

ဓာတ်ပုံ-စစ်ကောင်စီ
#စစ်ခေါင်းဆောင် #ပြင်ဦးလွင် #စစ်တက္ကသိုလ် #ဗိုလ်လောင်းသင်တန်းဆင်းပွဲ #Ayeyarwaddy_Times