ဧရာ၀တီတိုင်းမ်
ဒီဇင်ဘာ ၈ ရက်

နေပြည်တော်ရှိ ပျူစောထီးခေါင်းဆောင် မင်းမင်းဆိုသူကို တော်လှန်ရေးတပ်ဖွဲ့တစ်ခုက နို၀င်ဘာလ ၂၉ ရက်နေ့တွင် သတ်ဖြတ်လုပ်ကြံခဲ့သည်။

မင်းမင်းသည် စစ်တပ်ထောက်ခံသူ၊ ပျူစောထီးခေါင်းဆောင်၊ မျိုးချစ် မဘသအဖွဲ့၀င်ဖြစ်ပြီး တော်လှန်ရေးအင်အားစုများနှင့် ပြည်သူလူထုကို နည်းမျိုးစုံ ဒုက္ခပေးနေ၍ ရှင်းလင်းရခြင်းဖြစ်ကြောင်း လုပ်ကြံခဲ့သည့်တော်လှန်ရေးတပ်ဖွဲ့က ဆိုသည်။

၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်တပ်က လေ့ကျင့်ပေးထားသည့် လက်နက်ကိုင်ပျူစောထီးများကို လုပ်ကြံတိုက်ခိုက်ခြင်းက မြန်မာနိုင်ငံတွင် ဖြစ်လေ့ဖြစ်ထရှိသည့်ကိစ္စဖြစ်သော်လည်း ပျူခေါင်းဆောင် မင်းမင်းကို လုပ်ကြံသတ်ဖြတ်မှုတွင် မင်းမင်း၏ ဦးခေါင်းကို PDF က ဖြတ်ခဲ့သည့်ကိစ္စရပ်သည် မြန်မာနိုင်ငံအတွက် အလွန်အရေးကြီးသည့်ကိစ္စ ဖြစ်သွားခဲ့သည်။

လုပ်ကြံသည့် PDF အဖွဲ့က မင်းမင်းခေါင်းကို ဖြတ်သည်။ ထို့နောက် ရုပ်သံ ရိုက်ကူး၍ လူမှုကွန်ရက်တွင် တင်ခဲ့သည်။ ယင်းဖြစ်ရပ်ကို မြန်မာလူထုနှင့် နိုင်ငံတကာကပါ ထိတ်လန့်တုန်လှုပ်စွာ မြင်တွေ့ခဲ့ကြသည်။

ယင်းဖြစ်စဥ်နှင့်အတူ မြန်မာတော်လှန်ရေးသမား PDF လူငယ်များ ခုခံတော်လှန်ရေးလမ်းကြောင်းမှ အကြမ်းဖက်လမ်းကြောင်းကို သွေဖီနေပြီလောဟု မေးခွန်းများ၊ ‌ဝေဖန်ဆန်းစစ်မှုများ ပြည်တွင်းပြည်ပ နိုင်ငံရေးအသိုင်းအ၀ိုင်းတွင် ထွက်ပေါ်လာခဲ့သည်။

တော်လှန်ရေး သမားနှင့် အကြမ်းဖက်သမားဟူသည် လက်နက်ကိုင်တာခြင်း အတူတူပင်ဖြစ်သည်။ ကွာခြားသည်က စစ်သည်တော်ကျင့်၀တ်နှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ ဥပဒေတွေကို လေးစား လိုက်နာခြင်း ဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီတပ်သည် စစ်သည်တော်ကျင့်၀တ်များကိုဖောက်ဖျက်၍ တော်လှန်ရေး အင်အားစုများနှင့် အရပ်သားပြည်သူများကို အရှင်လတ်လတ် မီးရှို့သတ်ခြင်း၊ ဦးခေါင်းနှင့်ခြေလက်အင်္ဂါများကို ခုတ်ထစ်သတ်ဖြတ်ခြင်းအပါအ၀င် အကြမ်းဖက်မှုနှင့် စစ်ရာဇ၀တ်မှုပေါင်းများစွာကို ကျူးလွန်ခဲ့သည်။ လက်ရှိလည်း ကျူးလွန်နေဆဲဖြစ်သည်။

ထို့ကြောင့် ပြည်သူလူထုနှင့် တော်လှန်ရေး အသိုင်းအ၀ိုင်းက အကြမ်းဖက်စစ်ကောင်စီ၊ အကြမ်းဖက်စစ်တပ်ဟု သတ်မှတ်ကြသည်။ ဂုဏ်သိက္ခာရှိပြီး လူ့အခွင့်အရေးကို တန်ဖိုးထားသော နိုင်ငံတကာအစိုးရများကလည်း ကျင့်၀တ်မရှိသော လူသတ်အကြမ်းဖက်စစ်ကောင်စီကို လူရာမသွင်းဘဲ ‌ဝေးဝေးရှောင်ကြသည်။

ယင်းအခြေအနေတွင် မြန်မာ့တော်လှန်ရေးတပ်ဖွဲ့တချို့က စစ်ကောင်စီနည်းတူ ခေါင်းဖြတ်ခြင်းကဲ့သို့သော အကြမ်းဖက်မှုတချို့ ကျူးလွန်လာခြင်းက လူ့အခွင့်အရေးကိုအခြေခံသည့် ဖက်ဒရယ်ဒီမိုကရေစီစနစ်အတွက် တောင်းဆိုတိုက်ပွဲ၀င်နေသော မြန်မာ့တော်လှန်ရေးကို လွန်စွာမှ ရုပ်ဆိုးအကျည်းတန်စေခဲ့သည်။

တော်လှန်ရေးသမားဟူသည် ပြည်သူလူထုကို စစ်အာဏာရှင်စနစ်ဆိုးအောက်မှ လွတ်မြောက်၍ လူထုဆန္ဒနှင့်အညီ အုပ်ချုပ်သော ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ထွန်းရေး အသက်ပေးတိုက်ပွဲ၀င်နေသူများ ဖြစ်သည်။ မြင့်မြတ်သော ရည်ရွယ်ချက်ဖြင့် အလုပ်လုပ်နေသူများဖြစ်သည်။ ကောင်းသောလမ်းကို လျှောက်သောသူသည် လူအများလေးစားခံထိုက်သည့် ကောင်းသောအကျင့်ကို ကျင့်ဆောင်ဖို့လိုသည်။ ကောင်းသောအလုပ်ကို လုပ်ဖို့လိုသည်။

တော်လှန်ရေးတွင် စိတ်ခံစားချက်၊ အငြိုးအာဃာတများကို ဖယ်ရှား၍ သတိ၊ ဥာဏ်ပညာနှင့်ယှဥ်ကာ အလုပ်လုပ်ကြဖို့ လိုအပ်သည်။ လူ့အခွင့်အရေး၊ စစ်သည်တော်ကျင့်၀တ်နှင့် စစ်ပွဲဆိုင်ရာ ဥပ‌ဒေများကို တိကျစွာလေးစားလိုက်နာ ဆောင်ရွက်ကြဖို့ လိုသည်။ မြန်မာလူထုနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းအား ကျင့်၀တ်မရှိသော အကြမ်းဖက်စစ်တပ်နှင့် ကျင့်၀တ်လိုက်နာသော တော်လှန်ရေးသမား ကွဲပြားစွာ ပြသဖို့ အမြဲ လိုအပ်ပသည်။

တော်လှန်ရေးနှင့်ပတ်သတ်၍ သင်္ခန်းစာယူစရာသမိုင်းကြောင်း ၂ ခုကို သာဓကအဖြစ် ထုတ်နှုတ်ပြလိုသည်။ ၁၉၇၅ ခုနှစ်က ကမ္ဘောဒီးယားနိုင်ငံကို အုပ်ချုပ်ခဲ့သော တော်လှန်ရေးသမား ပိုပေါ့၏ခမာနီ ကွန်မြူနစ် အစိုးရသည် အထိမ်းအကွပ်မရှိသော အညှိုးအာဃာတသတ်ဖြတ်မှုများ၊ လူမဆန်သည့် အကြမ်း ဖက်မှုများကြောင့် ပြည်သူလူထု၏မုန်းတီးရွံရှာမှုကို ကြုံတွေ့ခဲ့ရပြီး ၄င်းတို့၏ တော်လှန်ရေးသည်လည်း ကျရှုံးခဲ့ရသည်။

၂၀၂၁ ခုနှစ်တွင် အာဖဂန်နစ္စတန်နိုင်ငံမှ အမေရိကန်တပ်များ ဆုတ်ခွာသွားချိန်တွင် တာလီဘန် အကြမ်းဖက်သမားများက အာဖဂန်အစိုးရကို တိုက်ခိုက်ဖြုတ်ချပြီး တာလီဘန်အစိုးရအဖွဲ့ဖြင့် နိုင်ငံကို အုပ်ချုပ်ခဲ့သည်။ တာလီဘန်တို့ အစိုးရဖြစ်လာသော်လည်း လူ့အခွင့်အရေး အကြီးအကျယ်ချိုးဖောက်ခဲ့သည့် နောက်ခံသမိုင်း၊ ဆက်လက်ချိုးဖောက်နေသည့်လုပ်ရပ်များကြောင့် ကုလ သမဂ္ဂအစည်းအ‌ဝေးတက်ခွင့်မရသလို ကမ္ဘာ့နိုင်ငံအများစုက လူရာမသွင်းဘဲ ဖယ်ကျဥ်ထားကြဆဲဖြစ်သည်။ ထိုသမိုင်းအဖြစ်အပျက် များကို သင်္ခန်းစာယူကြဖို့ လိုသည်။

စစ်ရာဇ၀တ်မှုပေါင်းများစွာ ကျူးလွန်ထားသည့် မြန်မာစစ်ကောင်စီသည် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ၊ NUG အစိုးရနှင့် PDF တပ်များကို အကြမ်းဖက် အဖွဲ့ကြေညာထားသလို အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင် နေကြောင်း ကုလသမဂ္ဂ၊ အာဆီယံအပါအ၀င် နိုင်ငံတကာ အစိုးရများကို အမြဲတစေ တိုင်တန်းပုံဖော်နေသည်ကို သတိချပ်ဖို့လိုသည်။ စိတ်ခံစားချက်နှင့် အငြိုးအာဃာတကို ရှေ့တန်းတင်လျှင် စစ်ကောင်စီ ဆင်ထားသောခွင်ထဲသို့ တန်းခနဲ၀င်သွားမည်ကို အထူးသတိပြုဖို့ လိုအပ်သည်။

နေပြည်တော်နှင့် မွန်ပြည်နယ်တို့၌ဖြစ်ပျက်ခဲ့သည့် တော်လှန်ရေးအင်အားစုတချို့၏အကြမ်းဖက်မှုကို NUG အစိုးရက ကိုင်တွယ်စစ်ဆေး၊ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်တာ တွေ့ရသည်။ ယင်းသည် ကောင်းမွန်သော လုပ်ရပ်ဖြစ်သည်။ နောက်နောင် ထပ်မံမပေါ်ပေါက်ဖို့ကိုလည်း အထူးကြပ်မတ်ကြဖို့ လိုသည်။

စစ်အာဏာရှင် ဘက်တော်သား အကြမ်းဖက်စစ်တပ်လုပ်သလို လိုက်လုပ်လျှင် ၄င်းတို့နှင့် အဆင့်အတန်း အတူတူ ဖြစ်ပါလိမ့်မည်။ ထို့ကြောင့် တော်လှန်ရေး သမားများ အကြမ်းဖက်စစ်ကောင်စီ၏လမ်းစဥ် မလိုက်ကြဖို့ လိုသည်။

သို့မှသာ အကြမ်းဖက်သမားအဖြစ် တံဆိပ်ကပ်ခံရခြင်းကို ရှောင်လွှဲနိုင်မည်ဖြစ်သလို နိုင်ငံတကာအလယ် ၀င့်ထည်သည့် ဂုဏ်သိက္ခာရှိသော တော်လှန်ရေး သမားများအဖြစ် ရပ်တည်နိုင်ကြမည်ဖြစ်ပါကြောင်း…

အယ်ဒီတာ