ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၇ရက်
အမ်းမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ တပ်ရင်း၊ တပ်စခန်းအားလုံးကို သိမ်းဆည်းပြီး၍ နောက်ဆုံးကျန်သည့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်(နပခ)ကို အပြင်းအထန်တိုက်ခိုက်နေကြောင်း အာရက္ခတပ်တော် (AA) ကထုတ်ပြန်သည်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းဒေသအတွင်းမှ စစ်ကောင်စီ၏ ဗျူဟာဌာနချုပ်များ၊ ကာကင်းစခန်း ကြီး၊ စခန်းငယ်၊ တပ်ရင်းဌာနချုပ်များ၊ တပ်ခွဲအသီးသီးအပါအဝင် အခြားသောနေရာတို့၌ တပ်စွဲစခန်းချ၊ ခုခံစစ်ဆင်နွှဲနေကြသော စခန်းနေရာ ၃၀ ကျော်ရှိသည့်အနက်မှ ယနေ့ဆိုလျှင် အမ်း နပခဌာနချုပ် ဂွင်တစ်ခုသာ ကျန်ရှိတော့ပြီဖြစ်သောကြောင့် အမ်းမြို့၏ နောက်ဆုံးလက်ကျန် နပခ တိုင်းစစ်ဌာနချုပ်အား အပြီးသတ် သိမ်းပိုက်ရရှိနိုင်ရေးအတွက် ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လျက် ရှိသည်ဟု ယမန်နေ့ ဒီဇင်ဘာ ၆ ရက်နေ့ညပိုင်းတွင် AAက ထုတ်ပြန်သည်။
အာရက္ခတပ်တော်(AA) ၏ သတင်းနှင့်ပြန်ကြားရေးဌာနသည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်(နပခ) မှလွဲ၍ AA က ထပ်မံသိမ်းပိုက်ရရှိထားသောစခန်းများမှာ -(၁) ဆလအခွဲ (၉၄၆) – အမှတ် (၉၄၆) ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ၊ (၂) ခမရ (၃၇၁) – အမှတ် (၃၇၁) ခြေမြန်တပ်ရင်း၊ (၃) ခမရ (၃၇၂) – အမှတ် (၃၇၂) ခြေမြန်တပ်ရင်း၊ (၄) လလစ (၇၅၇/၂) – အမှတ် (၇၅၇/၂) လျှပ်စစ်အလုပ်ရုံတပ်ခွဲ၊ (၅) ထပခ (၉၂၆) – အမှတ် (၉၂၆) ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ခွဲ၊ (၆) ဆသလ (၉) – အမှတ် (၉) ဆက်သွယ်ရေးလုံခြုံမှုတပ်ရင်း၊ (၇) အဆရ (၈) – အမှတ် (၈) အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း၊ (၈) တထခ (၁၀) – အမှတ် (၁၀) တပ်ထိန်းတပ်ခွဲ၊ (၉) စအရ (၉၁၉) – အမှတ် (၉၁၉) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းတို့ကို ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ ရက်နေ့က ထုတ်ပြန်ထားသည်။
ထို့ပြင် လေဆိပ်အနီး၊ အတွင်း၊ ပတ်ဝန်းကျင်များမှ ခုခံတိုက်ခိုက်နေသော ရန်သူ့စခန်းငယ်များအပြင် စစ်ကောင်စီတပ်စခန်းများမှ အစုလိုက်၊ အစုလိုက်ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း လိုက်လံ တိုက်ခိုက်ချက်ရှိကြောင်း သိရသည်။
အဆိုပါသတင်းထုတ်ပြန်ပြီး ၁၈ ရက်အတွင်း၌ နပခတိုင်းစစ်ဌာနချုပ်တစ်ခုမှလွဲ၍ စစ်ကောင်စီ စခန်းများ အားလုံးကို အာရက္ခတပ်တော် (AA) မှ ထိန်းချုပ်ထားလိုက်ပြီးဖြစ်သည်။
ဤကဲ့သို့ အမ်းဒေသအတွင်းမှ စခန်းများကို AA မှ ထိုးစစ်ဆင်တိုက်ခိုက်နေသော တစ်ပြိုင်နက်တည်းတွင် စစ်ကောင်စီသည် ရခိုင်ရိုးမဘက်မှ စစ်ကူများကို ရဟတ်ယာဉ်များဖြင့် အကြိမ်ကြိမ်ပို့ဆောင်ပြီး ဖြည့်တင်းရန်ကြိုးစားနေခဲ့သော်လည်း အာရက္ခတပ်တော်မှ အဆင့်ဆင့် ဖြတ်တောက် ပိတ်ဆို့ထားနိုင်ခဲ့သောကြောင့် စစ်ကူ စစ်ကြောင်းများမှာ ၃ ရက်အတွင်း စစ် ကြောင်းတစ်ခုလုံး အချေမှုန်းခံရသောအဆင့်သို့ရောက်ရှိခဲ့ရသည်။
အမ်းမြို့သို့ စစ်ကူပေးရန်တက်လာသည့် တပ်မ (၈၈) လက်အောက်ခံ၊ နည်းဗျူဟာတစ်ခုအား နိုဝင်ဘာလ ၂၈ ရက်၊ နံနက် ၈ နာရီ ၃၅ မိနစ်တွင် အမ်းမြို့၏ မြောက်ဘက်၊ ရိုးတောင်၏လမ်းမထက် တစ်နေရာ၌ အာရက္ခတပ်တော်မှ စတင်ဖြတ်တောက် တိုက်ခိုက်ခဲ့သည်။
အဆိုပါစစ်ကြောင်းတွင် ခမရ-၃၁၇၊ ခမရ-၄၁၅၊ ခမရ-၄၁၆ စသည့် တပ်ရင်းသုံးရင်းဖြင့် စုပေါင်းထားပြီး အင်အား ၁၃၀ ခန့် ပါဝင်သည်။
သုံးရက်နီးပါး ဖြတ်တောက်ပိတ်ဆို့ တိုက်ခိုက်မှုအပြီး၊ နိုဝင်ဘာ ၃၀ ရက်၊ နေ့လယ် ၂ နာရီ ၃၀ မိနစ်တွင် ရန်သူ့အလောင်း စုစုပေါင်း ၁၀၀ ကျော်၊ လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရမိခဲ့ပြီး စစ်သုံ့ပန်းအချို့ကိုလည်း လက်ရဖမ်းဆီးရမိခဲ့ကာ ထွက်ပြေးလွတ်မြောက် နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့ကိုလည်း လိုက်လံ တိုက်ခိုက်လျက်ရှိကြောင်း AAကထုတ်ပြန်ခဲ့သည်။
ဓာတ်ပုံ-AA Info Desk
#အမ်း #နပခ #အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် #AA #တိုက်ခိုက် #စစ်ကောင်စီ #စစ်ကြောင်းပြုတ် #Ayeyarwaddy_Times