
ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ ဒီဇင်ဘာ ၈ ရက်)
နေရာတိုင်းမှာ အလွယ်တကူဝယ်လို့ရနေတဲ့ အသင့်သောက်သုံး အချိုရည်ဘူးတွေ သောက်နေတာဟာ ကျန်းမာရေးနှင့် ညီညွတ်ပါရဲ့လား။ အချိုရည်သောက်ရင် ချောင်းဆိုးမယ်ဆိုတာကတော့ အမြဲ ကြားနေရတဲ့ စကားဖြစ်ပါတယ်။ နေ့စဉ်ဘဝမှာ စားသောက်နေရတဲ့ အချိုရည်တွေအကြောင်း သိချင်နေသူတွေအတွက် ကျန်းမာရေးရှုထောင့်ကနေ သိထားပြီဆိုရင်တော့ ဆင်ခြင်သောက်သုံးနိုင်ကြမှာပါ။
အသင့်သောက်သုံးနိုင်တဲ့ အချိုရည်တွေကို ပလတ်စတစ်ပုလင်း၊ ဖန်ပုလင်း၊ စည်သွပ်ဘူး စက္ကူဘူးစတာတွေနဲ့ ထုပ်ပိုးပြီးကြော်ငြာအားကောင်းကောင်းဖြင့် စျေးကွက်ရှာဖွေရောင်းချကြပါတယ်။ “အားအင်ပြည့်၊ ကြည်လင်၊ လန်းဆန်း၊ အမောပြေစေမယ်” ဆိုတဲ့ မက်လုံးတွေနဲ့ လှလှပပ ကြော်ငြာပြုလုပ်ပြီး ဆွဲဆောင်ကြပါတယ်။
လိမ္မော်ရည်၊ (စပါကလင်)သံပုရာရည်၊ ကရင်ဆိုဒါ၊ ကိုလာ၊ ဂျင်းဂျာအေး၊ ဘိလပ်ရည်စတဲ့ ကာဗွန်နိတ် ဂက်စ်ဖိနှိပ်ထည့်သွင်းထားတဲ့ အချိုရည်တွေ ရေရှည်သောက်မိရင် ကျန်းမာရေး ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ပါဝင်ပစ္စည်းများ
အသင့်သောက်သုံးအချိုရည်တွေမှာ ကျန်းမာရေးကိုထိခိုက်တတ်တဲ့ ပါဝင်ပစ္စည်းတွေရှိပါက အစား အသောက်နှင့်ဆေးဝါး ဆိုင်ရာကျန်းမာရေးဌာနကနေ တားမြစ်ကြေညာချက်တွေ ထုတ်ပြန်ရပါတယ်။
အသင့်သောက်သုံးအချိုရည်မှာ ထည့်သွင်းပြုလုပ်ဖို့ရန် ဓာတုပစ္စည်းများစွာလိုအပ်ပါတယ်။ အချိုအရသာရှိကုန်ကြမ်းများ၊ တာရှည်အထားခံတဲ့ပစ္စည်းများ၊ အချိုရည်ကိုပျစ်စေသော ကုန်ကြမ်း များ၊ အရောင်လှစေသောဓာတုပစ္စည်းများ၊ အနံ့မွှေးစေသောကုန်ကြမ်းများနှင့် ထည့်သွင်း ဖော်စပ်သမျှကုန်ကြမ်းတွေကို ကောင်းစွာရောပြွန်းစေတဲ့ပစ္စည်းများ စသည်ဖြင့် အားလုံးနီးပါးဟာ ဓာတုပစ္စည်းတွေ ဖြစ်နေကြပါတယ်။
ဓာတုပေါင်းစပ်ပြီး စက်ရုံကနေထုတ်လုပ်တဲ့ အချိုရည်တွေက အာဟာရတန်ဖိုးကယ်လိုရီများလွန်းပြီး ဆား၊ သကြားသာပါဝင်ပါတယ်။ အဆီ၊ ဗိုက်တာမင်နဲ့သတ္တုဓာတ် အခြားအာဟာရတွေ မပါဝင်တာကြောင့် ကျန်းမာရေးနဲ့မညီညွတ်ပါဘူး။ Propylene glycol ,Bisphenol A (BPA) , Phthalates အစရှိတဲ့ ဓာတုပစ္စည်းများလည်းပါဝင်တာကြောင့် ခန္ဓာကိုယ်အတွက်မသင့်လျော်ပါဘူး။အဝလွန်ခြင်း
အချိုရည်နှစ်ခြိုက်စွာသောက်နေကြသူအများစုက ဝနေကြတာကို သတိထားမိကြမှာပါ။ အချိုရည်တွေက လူကို ဝစေပါတယ်။ သကြားများပါဝင်တာကြောင့် ကိုယ်အလေးချိန်တက်ပြီး အဝလွန်ခြင်းဖြစ်လာရပါတယ်။ ဝိတ်ချနေသူတွေ မဖြစ်မနေ အချိုရည်ကို ရှောင်ရပါတယ်။
အချိုရည်တွေက သွားကျန်းမာရေးကိုလည်း ထိခိုက်စေပါတယ်။ သကြားကြောင့်အပြင် အချိုရည်မှာ ပါဝင်တဲ့အက်ဆစ်ဓါတ်ကြောင့် သွားပျက်စီးနိုင်ကြောင်း သွားဆရာဝန်တွေ ထောက်ခံထားကြပါတယ်။ဆီးချိုသွေးချိုနှင့်အခြားရောဂါများ
နေ့စဉ်အချိုရည်သောက်ခြင်းကြောင့် ဆီးချိုသွေးချိုရောဂါ ဖြစ်ပွားနှုန်း တိုးနိုင်ကြောင်း သုသေသနပြု လေ့လာတွေ့ရှိထားကြပါတယ်။ ဆီချိုမျိုးရိုးရှိသူတွေ အချိုရည်ကို သေချာရှောင်ရပါမယ်။ နှလုံးနဲ့ သွေးကြောဆိုင်ရာရောဂါတွေလည်း အဖြစ်များစေပါတယ်။ အချိုရည်မှာပါဝင်တဲ့ သကြားတွေကြောင့် ကျောက်ကပ်နှင့် အသည်း ကျန်းမာရေးပြဿနာတွေ အပြင် (Uric Acid များခြင်းကြောင့်) အဆစ်မြစ်ရောင် ဂေါက်ရောဂါအထိ ကြုံတွေ့ရပါတယ်။အားဖြည့်အချိုရည်
ပင်ပန်းတဲ့အခါ အားဖြည့်အချိုရည်သောက်ဖို့စျေးကွက်မှာ ကြော်ငြာကြပါတယ်။ အားဖြည့်အချိုရည် တွေသောက်ခြင်းကြောင့် စိုးရိမ်စိတ်များလာခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ အစာအိမ်နဲ့အူလမ်းကြောင်း မူမမှန်သည့်လက္ခဏာများပြခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်း၊ ခန္ဓာကိုယ်တုန်လှုပ်ချောက်ချားခြင်း၊ နှလုံး ခုန်ရင်တုန်ခြင်း၊ အခန့်မသင့်ပါက ကြွက်သားများနာကျင်ခြင်း ရုတ်တရက်ကျောက်ကပ်ထိခိုက် ပျက်စီး ခြင်းတွေဖြစ်သွားတတ်ပါတယ်။
ဒါကြောင့်ဘယ်အချိုရည်ပဲဖြစ်ဖြစ် ဆင်ခြင်ပြီးသောက်သုံးသင့် ပါတယ်။
အချိုရည်တွေထုတ်ပိုးတဲ့ ပလက်စတစ်ဘူးများကလည်း ကမ္ဘာမြေနဲ့ သက်ရှိတွေရဲ့ရှင်သန်မှုကို ထိခိုက်နိုင်တာကြောင့် အချိုရည်သောက်သုံးခြင်းကိုလျှော့ချစေချင်ပါတယ်။ နေရာတိုင်းမှာ အလွယ် တကူရနေတာကြောင့် အချိုရည် အမြဲသောက်သုံးမိနေကြရတာဖြစ်ပါတယ်။
စိတ်ပိုင်းဆိုင်ရာအရလည်း အချိုစွဲလမ်းခြင်းကြောင့် အချိုရည်များမကြာမကြာ သောက်မိနေတတ် ပါတယ်။ အချိုမစားရမနေနိုင် အချိုရည်မသောက်ရမနေနိုင်သည်အထိ စွဲလမ်းမှုမျိုးဖြစ်လာလျှင်တော့ စိတ်ကျန်းမာရေးဆွေးနွေးပေးသူများနှင့် တိုင်ပင်ပြီး အစားအသောက်ပုံစံထိန်းသိမ်းဖို့ လိုအပ်လာ နိုင်ပါတယ်။
ကျန်းမာရေးနဲ့မညီညွတ်တဲ့ အချိုရည်တွေကို သောက်မယ့်အစား ရေ၊ အုန်းစိမ်းရည်၊ နွားနို့၊ ဒိန်ချဉ်၊ ပဲနို့ လတ်လတ် ဆတ်ဆတ်ဖျော်သောက်ရသော သစ်သီးဖျော်ရည်များသောက်သုံးကြပါ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဖျော်ရည်များကိုသာ မှန်မှန်ကန်ကန်ရွေးချယ်ကြဖို့အကြံပေးပါရစေ။
ဧရာဝတီတိုင်မ်းပရိသတ်များအားလုံးလည်း ကျန်းမာရေးနဲ့မညီညွတ်တဲ့ အချိုရည်များကို ရှောင်ရှား နိုင်ကြပါစေ။
နောက်တစ်ပတ်မှာတော့ “အိပ်ရေးပျက်ပါကကြုံတွေ့ရနိုင်တဲ့ အလှအပဆိုင်ရာပြသနာများ”ကို ဖော်ပြပေးသွားမှာဖြစ်တာကြောင့် စောင့်မျှော်ပေးကြပါဦး။
#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #အသင့်သောက်အချိုရည်အအေးဘူးများ #ကျန်းမာရေးဆောင်းပါး #Ayeyarwaddy_Times
(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။)