ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၈ ရက်
အိန္ဒိယ – မြန်မာနယ်စပ် ခြံစည်းရိုးခတ်မည့် အိန္ဒိယအစိုးရကို ဒေသခံများက ဒီဇင်ဘာ ၅ ရက်နေ့ နံနက်ပိုင်းက နှစ်နိုင်ငံနယ်စပ်မြို့ဖြစ်သည့် မိုးရေးတွင် ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။
အိန္ဒိယ – မြန်မာနယ်စပ် ခြံစည်းရိုးခတ်မည့် အစီအစဥ်ကို အိန္ဒိယအစိုးရအနေဖြင့် အမြန်ဆုံးရပ်တန့်ပေးရန်နှင့် ပြန်လည်သုံးသပ်ပေးရန်အတွက် ဒေသခံပြည်သူ ရာဂဏန်းက ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်။
“နှစ်နိုင်ငံနယ်စပ်မှာနေထိုင်တဲ့ ဒေသခံတွေဟာ လူမျိုးစုတစ်စုဖြစ်တယ်။ ပြီးတော့ ရှေးဘိုးဘွားစဥ်ဆက်ကတည်းက ဇို – ကူကီးပိုင် နယ်မြေတွေဖြစ်ပါတယ်။ အစိုးရကနေ ခြံစည်းရိုးကာမယ်ဆိုရင် နှစ်နိုင်ငံနယ်စပ်မှာနေထိုင်တဲ့ ဒေသခံတွေဟာ လူမှုရေး၊ စီးပွားရေး၊ ပညာရေးတွေ ထိခိုက်သွားမှာဖြစ်တယ်” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြည်တွင်းလုံခြုံရေးနှင့် ဒေသတွင်းဖြစ်ပွားသည့် လူမျိုးရေးပဋိပက္ခများ လျော့ချစေရေးအတွက် အိန္ဒိယ – မြန်မာနယ်စပ် ခြံစည်းရိုးခတ်မည့်အစီအစဥ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း အိန္ဒိယပြည်ထဲရေးဝန်ကြီး အာမစ်အနီးလ် ချန်ဒရာရှားက ယခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် မီဒီယာများကို ပြောကြားခဲ့သည်။
ဒေသတွင်းဖြစ်ပွားသည့် လူမျိုးရေးပဋိပက္ခများသည် ပြင်ပ ပယောဂများမပါဘဲ ဒေသတွင်းဖြစ်ပွားသည့် လူမျိုးရေးပဋိပက္ခများဖြစ်ကြောင်း နှစ်နိုင်ငံနယ်စပ် ခြံစည်းရိုးခတ်လိုက်ခြင်းနှင့် ပြည်တွင်းလုံခြုံမှုရှိလာမည်မဟုတ်သည့်အတွက် နယ်စပ်ရှိဒေသခံများနှင့် အစိုးရတို့ပူးပေါင်းဆောင်ရွက်မှသာ ပြည်တွင်းလုံခြုံမှုရှိနိုင်ကြောင်း ဒေသခံများက ဆိုသည်။
အိန္ဒိယအစိုးရ၏ အိန္ဒိယ – မြန်မာနယ်စပ်ခြံစည်းရိုးခတ်သည့် အစီအစဥ်ကို စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်၊ ဇွန်လမှစ၍ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ် နိုဝင်ဘာလတွင် မှတ်တိုင် ၈၀ ထိပြီးစီးခဲ့ပြီဖြစ်သည်။
ထို့အပြင် အိန္ဒိယအစိုးရက မှတ်တိုင် ၈၀ မှ ၈၅ ထိ အိန္ဒိယ – မြန်မာနယ်စပ် ခြံစည်းရိုးခတ်မည့် အစီအစဥ်ကို အောက်တိုဘာလတုန်းက ထပ်မံ တိုးချဲ့လိုက်ပြီး ယခုအခါ ခြံစည်းရိုးခတ်ရန်အတွက် မြေနေရာများကို အကြမ်းဖောက်နေပြီဖြစ်သည်။
အိန္ဒိယ – မြန်မာနယ်စပ် ခြံစည်းရိုးခတ်မည့်အစီအစဥ်ကို နာဂလန်းပြည်နယ်နှင့် မီဇိုရမ်ပြည်နယ်တို့မှ နိုင်ငံရေးအဖွဲ့အစည်း၊ အရပ်ဘက်အဖွဲ့စည်းများနှင့် ဒေသခံများက ကန့်ကွက်ကြသော်လည်း အိန္ဒိယအစိုးရ၏ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည်။
ပုံစာ – အိန္ဒိယ – မြန်မာနယ်စပ် ခြံစည်းရိုးခတ်မည့်အစီအစဥ်ကို အိန္ဒိယအစိုးရအား မိုးရေးမြို့တွင် ဆန့်ကျင်ဆန္ဒပြတောင်းဆိုနေကြသည့် ဒေသခံများကို တွေ့ရစဥ်။
#အိန္ဒိယ #မြန်မာနယ်စပ် # ခြံစည်းရိုးခတ် #အိန္ဒိယအစိုးရ #ဒေသခံများဆန္ဒပြ# #Ayeyarwaddy_Times